ကေဇင်ဦး၊ နေမျိုး၊ အောင်ကိုဦး
နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီက ထောက်ခံတင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၆၉ဦးကို ပြန်လွှတ်ရာတွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးနှစ်ဦးလည်း ပါဝင်ခဲ့သည်။
နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ထောက်ခံ တင်ပြခဲ့သည် နိုင်ငံရေး အကျဉ်းသား (၆၉) ဦးကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့် အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နိုဝင်ဘာ ၁၅ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူ သုံးဦးအနက် နှစ်ဦးမှာ ဦးနေဝင်း၏မြေးများဖြစ်သော ဦးကျော်နေဝင်းနှင့် ဦးအေးနေဝင်းတို့နှစ်ဦးပါဝင်ခြင်းဖြစ်သည်။
ဦးအေးနေဝင်း၊ ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းနှင့် ၎င်းတို့၏ဖခင် ဦးအေးဇော်ဝင်းတို့ကို ၂၀၀၂ခုနှစ်တွင် နိုင်ငံတော်အား သစ္စာဖောက်မှု ပုဒ် ၁၂၂/၁ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ ၎င်းတို့၏ မိခင် ဒေါ်စန္ဒဝင်းနှင့် ဦးနေဝင်းတို့ကို နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်။ ဒေါ်စန္ဒာဝင်းသည် ၂၀၀၈ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ဦးဇွဲနေဝင်းနှင့် ဦးအေးဇော်ဝင်းတို့သည် ၂၀၁၂ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင်လည်း လက်ပံတောင်းအရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှအပါအဝင် ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်တို့ပြန်လည် လွတ်မြောက်လာသည်။ ၎င်းတို့သည် ပုဒ်မ ၅၀၅(ခ)ဖြင့် အကျဉ်းကျသူများဖြစ်သည်။ မတရားအသင်းနှင့် ဆက်သွယ်ဆောင်ရွက်သည့် ပုဒ်မ ၁၇/၁ဖြင့် အကျဉ်းကျခဲ့သည့် စိုင်းမိုးဟိန်း (ခ)အိုက်လျှန်၊ စိုင်းကျော်သန်း၊ ကိုမျိုးခင်(ခ)အောင်ခမ်း၊ စိုင်းလှအောင်(ခ)အာဝေ၊ လဘမ်းလီ(ခ)လဘမ်ရိဒ်၊ ရွတ်ငင် နှင့် စိုင်းသိန်းနိုင်တို့ဖြစ်သည်ဟု မန္တလေးဗဟိုအကျဉ်းထောင် ဒု-ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။
လွှတ်မြောက်လာသူများထဲတွင် မန္တလေး ဈေးချို၊ ပြင်ဦးလွင်၊ နေပြည်တော်တို့တွင် ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲခံရသူ ၅ဦး ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ ကျောက်မဲတံတား တွင် မိုင်းထောင်သည်ဟု စွပ်စွဲခံရသူနှစ်ဦး (ဦးလဘမ်လီ နှင့် ရွတ်ငင်) ပါဝင်သည်ဟု ဆိုသည်။
မန္တလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသမား ၃၀ကျန်ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီရေးကွန်ယက်မှ ဦးကိုကြီးက မဇ္ဈိမကို ပြောသည်။
တရုတ်ပိုက်လိုင်းကုမ္ပဏီကို ဆန္ဒပြသူများလည်း ပြန်လွတ်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်ရေနံကုမ္ပဏီ CNPCကို တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သဖြင့် ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ် သုံးလချမှတ်ခံရသော ကျောက်ဖြူလူမှုကွန်ယက်မှ ခေါင်းဆောင် ၁၀ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။
“ပြန်လွတ်မယ်ဆိုတာ ကြိုမသိထားပါဘူး၊ နံနက် ၁၀နာရီမှာမှ လွတ်မြောက်ပြီလို့ လာပြောပြီးလွှတ်လိုက်တာပါ”ဟု ကျောက်ဖြူထောင်မှ လွတ်မြောက်လာသည့် ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။
မြန်မာ-တရုတ် သဘာဓာတ်ငွေ့ပိုက်လိုင်းအကောင်အထည်ဖော်သည့် CNPC ကုမ္မဏီဒေသခံ ၅၀၀ကျော်က ၂၀၁၃ခုနှစ် ဧပြီလ ၁၈ရက်တွင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၁၀ဦးအား စက်တင်ဘာလ ၂၆ရက်တွင် ကျောက်ဖြူတရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၅ရက်၌ နိုင်ငံရေးအကျဉ်းသား ၆၉ဦးကို အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သော်လည်း အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ခန့် ကျန်ရှိနေသေးသည်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ နောက်ဆုံး စာရင်းအရ ၁၄၇ဦး ကျန်ရှိနေသေးပြီး ထိုအထဲကမှ ၆၉ဦးကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်ကလည်း ယခုနှစ်အကုန်တွင် အကျဉ်းထောင်များအတွင်း၌ ကျန်ရှိနေသေးသည့် အကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးမည်ဟု ကတိကဝတ်ပြုထားပြီးဖြစ်သည်။
ယင်းသို့ သမ္မတ ကတိပြုထားမှုကို အကောင်အထည်ဖော်ရန် နိုဝင်ဘာလ ၁၀ရက်က သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကျန်ရှိနေသေးသည့် နိုင်/ကျဉ်းများစာရင်းကို ဒီဇင်ဘာလ ၃၁ရက် မတိုင်မီ တင်ပြပေးရန် တောင်းခံထားသေးသည်။
သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် နိုင်ငံအကျဉ်းအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် တစ်ဆယ့်နှစ်ကြိမ် ရှိပြီဖြစ်သည်။
No comments:
Post a Comment