ABC
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ဒေသမှာ ဆန္ဒပြနေတဲ့ ဒေသခံ တောင်သူလယ်သမားတွေကို လုံထိန်းရဲ တပ်ဖွဲ့ဝင်တွေကနေ မနေ့ညက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံ တောင်သူ လယ်သမား ၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လုံထိန်းရဲ တပ်ဖွဲ့ဝင်တွေအနေနဲ့ နိုဝင်ဘာ ၁၂ရက်နေ့ထဲက ပုသိမ်-မုံရွာကားလမ်းအနီးက မိုးကြိုးပြင်ရွာနားမှာ တရွာနဲ့တရွာ သွားလာလို့မရအောင် ပိတ်ဆို့တပ်စွဲထားတာကို ဒေသခံလယ်သမားတွေက ဆန္ဒပြရာကနေ နှစ်ဘက်တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး အခုလိုပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
အခုဒီနေ့ည ၈နာရီ ၂၀လောက်မှာ လက်ပံတောင်းတောင် မိုးကြိုးပြင်တောင်ရွာကို အာဏာပိုင်တွေကနေပြီးမှ အကြမ်းဖက်တယ်၊ သေနတ်နဲ့ ပစ်တာ လူ ၇ယောက် ရွာသား ၇ယောက်ပေါ့နော် သေနတ်ဒဏ်ရာထိတယ်၊ တယောက်က သတိလစ်သွားတယ်ရှင့်။ ဘယ်လိုကြောင့်စဖြစ်တာလဲဆိုရင် သူတို့က လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေပေါ်ကို ရဲကင်း တွေချတယ်၊ ပြီးတော့ လယ်သမားတွေသွားတဲ့လမ်းကို ဂိတ်တွေချထားတယ်၊ စစ်ဆေးတယ်၊ အဲလိုမျိုး ဖြစ်တဲ့အတွက် ဒေသခံတွေက မခံနိုင်လို့မို့ ဒီနေ့ဆန္ဒပြတယ်၊ မနေ့ကလည်းဆန္ဒပြတယ်၊ အဲလိုဆန္ဒပြတဲ့အတွက် သူတို့က ၀င်ပြီးအကြမ်းဖက်တာပါ၊
ဒဏ်ရရရှိတဲ့သူတွေက မအေးသန်း၊ ကိုဖိုးစီ၊ ကိုဘိုနီ၊ ကိုသက်မောင်၊ ကိုထွန်းအေး၊ ကိုအုန်းမိုင်း၊ ကိုစိုးပြည့် အောင်တို့ဖြစ်ပြီး ကိုစိုးပြည့်အောင်က သတိလစ်နေတယ်လို့ ဆိုပါတယ်။ လက်ပံတောင်းဒေသက ရွာ၁၃ရွာက ဒေသခံလယ်သမား ၂၀၀နီးပါးလောက် ဆန္ဒပြနေတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်ရောက် အကြမ်းဖက်မှာကို စိုးရိမ်တဲ့အတွက် ဒေသခံရွာသားတွေက ကျေးရွာလုံခြုံရေးအတွက် ကာကွယ်မှုတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဆန္ဒပြမှုတွေကြောင့် နိုဝင်ဘာ ၁၂ရက်နေ့က မိုးကြိုးပြင် တောင်ရွာက ကိုသန်းမြင့်၊ ဖောင်းကားတောင်ရွာက ဦးတင်ဝင်းနဲ့ နိုဝင်ဘာ ၁၄ရက်နေ့ကလည်း ကျောက်ဖြူတိုင်ရွာက ကိုမျိုးသိန်းတို့ကို ဖမ်းဆီးထားတယ်ဆိုတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment