Tuesday, November 5, 2013

ပေါင်းလောင်းဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့်ရွာများ ထူထောင်ရေးထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိဟုဆို

အေးမြင့်စန်း

ပေါင်းလောင်းမြစ် အထက်ပိုင်းရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းတည်ရှိသည့် အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့်ကျေးရွာ ၂၃ ရွာ ပြန်လည်ထူထောင်ရေးကို ထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိဟု စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ပင်းလောင်းမြို့နယ် ဒေသခံများက ပြောသည်။

ဒေသခံများက ယင်းသို့ ပြောကြားခြင်းမှာ နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ဒိုင်းမွန်းကွန်ဒိုတွင် ဖြစ်ပြီး ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့က ဦးဆောင်ကျင်းပပြီး ကျေးရွာ ၂၃ ရွာ ကိုယ်စားပြုကိုယ်စားလှယ် ၁၀ ဦးခန့် တက်ရောက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဖြစ်သည်။

အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ပေါင်း ၂၃ ရွာကို ၂၀၁၃ခုနှစ် ဧပြီလမှဇွန်လအတွင်း အပြီးပြောင်းရွှေ့ခိုင်းရာ ယင်းကျေးရွာများမှ ဒေသခံ ၈၀၀၀ကျော် ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့ခဲ့သော ဒေသခံများ၏ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ပေးခြင်းမရှိဟု ၎င်းတို့ကဆိုခြင်း ဖြစ်သည်။

ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာ အုပ်စုကျောင်းရွာမှ ဒေသခံဦးညွန့်ဝင်းက “ဒေသခံတွေရဲ့ အိမ်တွေ ကို မြေပေါ်ဒီအတိုင်း ပုံချခဲ့တယ်။ အိမ်မဆောက်ရသေးတဲ့ ဒေသခံတွေရှိတယ်။ ပြောင်းရွှေ့ရတဲ့နေရာ မှာဒေသခံတွေ ကိုယ်တိုင်တောင်ယာတွေ ခုတ်ထွင်းရှင်းလင်းပြီး နေထိုင်နေရတယ်။ ရေမလုံလောက်မှု တွေလည်း ဖြစ်ပေါ်နေတယ်။ ဆေးရုံ၊ ဆေးခန်းတည်ဆောက်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

စီမံကိန်းအတွက် ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာများရှိနေအိမ်များအတွက် နစ်နာကြေးအဖြစ် ၀ါးအိမ်များကို ငွေကျပ် ၁၅သိန်း၊ ပျဉ်းထောင်အိမ်များကို ငွေကျပ် ၂၅သိန်းအထက်နှင့် တိုက်အိမ်များကို ငွေကျပ်သိန်း ၄၀၀ အထိပေးလျော်ရန်နှင့် လယ်ယာမြေများအတွက် နစ်နာကြေးများကို လယ်တစ်ဧကလျင် ခြောက် သိန်း၊ ယာတစ်ဧကလျင်သုံးသိန်းပေးလျော်မည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ပြည်သူ့လွှတ်တော် တွင် လျပ်စစ်ဝန်ကြီးက ပြောထားခဲ့သော်လည်း ယင်းဈေးနှုန်းအတိုင်းမရသည်များရှိသည်ဟု ယင်းဒေသ ခံများက ပြောသည်။

ယင်းစီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းအကွက်ဖော် လုပ်ကိုင်ခဲ့သည့် လယ်မြေများအတွက်မူ ယခုအချိန်အထိလျော်ကြေးပေးအပ်ခြင်း မရှိဟုလည်း ဦးညွန့်ဝင်းက ထပ်မံပြောသည်။

ပင်လောင်း မြို့နယ်သပြေကုန်းကျေးရွာအုပ်စု ကံလှကျေးရွာမှ ဒေသခံခူးရန်နိုင်ကလည်း “တန်ဖိုးအတိုင်း မရကြတာတွေရှိတယ်။ တချို့အိမ်တွေဆိုရင် ၀ါးအိမ်အတွက်လျော်ကြေးက ခြောက်သိန်းသာ ရတာရှိတယ်။ လယ်မြေတွေ အခုအချိန်ထိ အစားထိုးပြန်ပေးတာ မရှိသေးဘူး။ ပြောင်းရွှေ့ရတဲ့နေရာက တောင်ပေါ်တွေမှာ လယ်မြေတွေလုပ်ကိုင်ဖို့ ဒေသခံတွေက အလုအယက်နေရာပြန်ရှာမှရတော့မယ်” ဟုပြော သည်။

ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာ ၂၃ ရွာအနက် ရွာပေါင်း၁၈ရွာတွင် သောက်သုံးရေအတွက် ပလပ်စတစ်ကန်များကို ထားရှိပေးထားပြီး ကျေးရွာငါးရွာတွင်သာ အုတ်ရေကန်များထားရှိပေးရာစတင်ပြောင်းရွှေ့စဉ်က စီမံကိန်းအကောင်အထည်ဖော်သူများကကတိပေးထားသည့် အချက်များဖြစ်သည့်လမ်းများ ဖောက် ပေးရန်၊ ကျောင်းများ တည်ဆောက်ပေးရန်၊ ကျေးရွာများကို ပြန်လည်ထူထောင်ပေးရန် အစရှိသည့် ကတိများအတိုင်းဆောက်ရွက်ပေးခြင်းမရှိဟု ဒေသခံများက ပြောသည်။

ပြောင်းရွှေ့ခဲ့ရသည့် မြေနေရာအသစ်တွင် မြေကွက်များလုံလောက်စွာမရရှိခြင်း သောက်သုံးရေ မလုံလောက်ခြင်းလယ်ယာအစားထိုး မြေကွက်မရှိခြင်းပြောင်းရွှေ့လိုက်ခြင်းကြောင့် ကုန်ကျစရိတ်သည် နေ အိမ်လျော်ကြေးထက်ဝက်ခန့်ကုန်ဆုံးသွားသည့် အခြေအနေများကို ရင်ဆိုင်ရလျက်ရှိသည်ဟုလည်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများကပြောသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာများရှိဒေသခံများအတွက် အလုပ်ကိုင်အခွင့်အလမ်းများ အကောင်အထည်ဖော်ပေးရန် ကျေးရွာများတွင်သောက်သုံးရေ လုံလောက်စွာရရှိရန်နှင့် နစ်နာကြေးများကို ကာလတန်ဖိုးနှင့်အညီ ပြန်လည်ပေးအပ်ရန်အချက်များကို သမ္မတထံသို့ နိုဝင်ဘာလအတွင်း တင်ပြသွားမည်ဟု ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ပေါင်းလောင်းဒေသခံ ကော်မတီက ပြောသည်။

No comments: