ဖြူဖြူကို
ထိုင်ဝမ် ဒီမိုကရေစီ ဖောင်ဒေးရှင်းက ချီးမြှင့်သည့် ၃၀၁၃ ခုနှစ် အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (Asia Democracy and Human Right Award 2013) ဆုအား လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) မှ တိုင်ပေ မြို့တွင် တက်ရောက် လက်ခံ ရယူ သွားမည် ဖြစ်ကြောင်း KHRG အဖွဲ့မှ စီမံကိန်း ဦးဆောင် ဒါရိုက်တာ နော်ခူးခူးဂျူးက ပြောသည်။
“ဒီဆုကို ရရှိတော့ ထူးခြားမှုက ရှိလာ နိုင်မှာက KHRG အနေနဲ့ ဒီဆုကို ရလိုက် တာဟာ ကမ္ဘာက ကောင်းသော အသိအမှတ် ပြုခြင်း ကိုလည်း ခံရတာပေါ့။ ကျမတို့ အဖွဲ့က (NGO) အကြီးကြီးလည်း မဟုတ်ပါဘူး၊ အဓိက ကတော့ ဒေသအခြေပြု အဖွဲ့အစည်း ဖြစ်တယ်၊ လူမှုအဖွဲ့ အစည်းတွေက သူတို့ ဒေသ မှာ ဖြစ်ပျက် နေတဲ့ အဖြစ်အပျက် တွေကို သူတို့က ထုတ်ဖော် ပြောပြပြီး အတူတကွ ပူးပေါင်း လုပ်ဆောင် ခဲ့ကြလို့ ဆုကို ရရှိနိုင်ခဲ့ တာလည်း ဖြစ်တယ်” ဟု KHRG အဖွဲ့မှ ၄င်းက ဆိုပါသည်။
ယခု အကြိမ်ဆုရရှိ မှုသည် KHRG အဖွဲ့ အနေဖြင့် တတိယ အကြိမ်မြောက် ဆုရရှိ ခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် (၁၉၉၅) ခုနှစ်တွင် ကနေဒါ နိုင်ငံမှ ချီးမြှင့်သော The Peace Fund Canada Honor Award ဆု၊ ၂၀၀၁ ခုနှစ်တွင်The Canada-based Science for Peace Award ဆု နှင့် ယခု ထိုင်ဝမ်မှ (Asia Democracy and Human Right Award) ဆု အသီးသီး ရရှိ ခဲ့ပြီး ဖြစ်သည်။
ထို အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (Asia Democracy and Human Right Award 2013) ဆုအား ကရင်လူ့ အခွင့်အရေး အဖွဲ့ (KHRG) မှ ရရှိ ခဲ့ကြောင်း ကိုလည်း နိုဝင်ဘာလ (၄) ရက်နေ့၌ ထိုင်ဝမ် ဒီမိုကရေစီ ဖောင်ဒေးရှင်း၏ အင်တာနက် စာမျက်နှာ၌ ထုတ်ပြန် ကြေငြာ ခဲ့ပြီး ဖြစ်ပါသည်။
ထိုဆုအား နှစ်စဉ် လျှောက်ထား ခဲ့သော်လည်း ယခုနှစ်တွင်မှ မိမိတို့ KHRG အဖွဲ့မှ ရွေးချယ် ချီးမြှင့်ခြင်း ခံရကာ KHRG အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာ၊ မှတ်တမ်း အချက် အလက်များ အပေါ် အခြေခံ သုံးသပ်၍ ပေးအပ် ချီးမြှင့် ခဲ့ခြင်းလည်း ဖြစ်ကြောင်း နော်ခူးခူးဂျူးက ဆိုပါသည်။
အဆိုပါ ဆုအား ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး နေ့တွင် ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တော် Shangri-La’s Far Eastern Plaza Hotel တွင် ချီးမြှင့်မည် ဖြစ်ကာ ငွေသားတန်ဖိုး အမေရိကန် ဒေါ်လာ (၁) သိန်း ရရှိမည် ဖြစ်သည်။
ထိုဆုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှား လုပ်ဆောင် နေသူများ ၊ ငြိမ်းချမ်းရေး အထောက်အကူ ပြုမှုဆိုင်ရာ လှုပ်ရှား လုပ်ဆောင် နေသူတို့ အား တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်း လိုက်ဖြစ်စေ ရွေးချယ်ကာ နှစ်စဉ် ရွေးချယ် ပေးအပ်လျက် ရှိနေကာ ယခုနှစ် အတွက် ကရင် လူအခွင့် အရေးအဖွဲ့ (KHRG) ကမှ ၄င်းဆုအား ရရှိခဲ့ခြင်း ဖြစ်သည်။
KHRG အဖွဲ့ သည် ၁၉၉၂ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းနှင့် နယ်စပ် တစ်လျှောက်၌ နေထိုင်သော ကရင် ဒေသခံ ပြည်သူ များ၏ လူ့အခွင့် အရေး ချိုးဖောက် ခံရမှု များကို အခြေခံပြီး မှတ်တမ်း တင်ခြင်း အစီရင်ခံစာ ထုတ်ဝေခြင်းများ ကိုဆောင်ရွက် ခဲ့ပါသည်။
KHRG အဖွဲ့သည် အကြောင်းအရာ (၄) ခုဖြစ်သော(၁) လူ့ အခွင့်အရေး ချိုးဖောက်မှုများ နှင့် ပတ်သတ်၍ ပုံမှန် အချက်အလက် ကောက်ယူ မှတ်တမ်း တင်ခြင်း၊ (၂) ကျေးလက် ဒေသ စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ (၃) သတင်း အချက် အလက် အဖြစ်ပျက်မှန် များကို အခြေခံကာ အစီရင်ခံစာ ထုတ်ဝေခြင်း၊ (၄) ၄င်း သတင်း၊ မှတ်တမ်း၊ အစီ ရင်ခံစာများ အား ပြည်တွင်း ၊ နိုင်ငံတကာ အဖွဲ့အစည်း များအား ဖြန့်ဝေခြင်း တို့အား လုပ်ဆောင် နေလျက် ရှိသည်။

No comments:
Post a Comment