ABC
အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လာရောက်ပြီး ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက် လေ့လာဖို့ မြန်မာအစိုးရနဲ့ သဘောတူခဲ့ပေမယ့်လည်း သူတို့အဖွဲ့လာရောက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်မှာကို ကန့်ကွက်တဲ့အနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ သံဃာတော်တွေ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
သံဃာတော် ၅၀၀ လောက်ပါဝင်ပြီး ရာချီတဲ့လူတွေဟာ OIC အလိုမရှိဘူးဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရန်ကုန်မြို့ ရွှေတိဂုံဘုရားကနေ ဆူးလေ ဘုရားထိ လမ်းလျှောက်ဆန္ဒပြတာပါ။
OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေး ဆွေးနွေးမှုတွေ ပြုလုပ်မှာကို လက်မခံနိုင်တဲ့အတွက် ကန့်ကွက် ဆန္ဒပြတာ ဖြစ်တဲ့အကြောင်း ဦးဆောင်ဆန္ဒပြတဲ့ ဆရာတော် အရှင် ပါမေက္ခက အခုလိုမိန့်ပါတယ်။
“OIC နဲ့ ပါတ်သက်လာရင် မြန်မာပြည်မှာ လုံးဝ ဘုန်းကြီးတို့က ဆန့်ကျင်သွားမယ်။ ဘာသာရေးနဲ့ လူမျိုးရေးဆွေးနွေးတာကို လည်း လက်မခံနိုင်ဘူး။ ဘုန်းကြီးတို့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တည်ဆဲဥပဒေနဲ့ မြန်မာနိုင်ငံ အုပ်ချုပ်မှုပိုင်းဆိုင်ရာကသာ လျှင် ဆွေးနွေးရပါလိမ့်မယ်။ တရားစီရင်ရေး အတိုင်းပင် သွားရပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလူမျိုး ဒီဘာသာကို ဘုန်းကြီးတို့အနေနဲ့ လုံးဝအတူယှဉ်တွဲလဲမနေနိုင်ဘူး။ အခုလို ဘာသာရေး ကိစ္စ လူမျိုးရေး ကိစ္စတွေ ဆွေးနွေး ပါမယ်ဆိုလို့ရှိရင်လည်း အဆွေးနွေးမခံနိုင်ဘူး။ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာမှ OIC ရုံးစိုက်မယ်ဆိုလို့ရှိရင်လည်း ဆောက်လုပ်ခွင့်မပြုနိုင်ဘူး။ ရိုဟင်ဂျာတို့ ဘင်္ဂါလီတို့ကို မြန်မာတိုင်းရင်းသား အဖြစ်ကို လုံးဝ လက်မခံနိုင်ဘူး။”
ဆန္ဒပြသူတွေဟာ မြန်မာနိုင်ငံအတွင်းမှာ OIC ရုံး ဖွင့်ခွင့်မပြုဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်ဖို့နဲ့ ရိုဟင်ဂျာလူမျိုးတွေကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ဘူးဆိုတဲ့အချက်တွေ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြား အဖွဲ့အစည်းတွေက ဝင်ရောက် စွတ်ဖွတ်တာတွေ မပြုလုပ်ဖို့နဲ့ OIC ကိုယ်စားလှယ် အဖွဲ့လာရောက်မှာကို အလိုမရှိကြောင်း တောင်းဆိုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ လူမျိုး ဘာသာ မပျောက်ကွယ်ဖို့အတွက် အစ္စလမ် ဘာသာဝင်တွေကို OIC အဖွဲ့ဝင် နိုင်ငံတွေက ခွဲဝေ ခေါ်ဆောင်သွားစေချင်တယ်လို့လည်း ဆရာတော် အရှင် ပါမေက္ခက ဆက်လက်မိန့်ဆိုခဲ့ပါတယ်။
“ဘုန်းကြီးတို့ လူမျိုးပျောက်မယ်။ ဘာသာပျောက်မယ်။ တိုင်းပြည်ပျောက်မယ်။ ဘာသာပျောက်မှာ လူမျိုး ပျောက်မှာ တိုင်းပြည်ပျောက်မှာ ကြောက်လို့မို့လို့ သူတို့ လူမျိုးတွေကို OIC ၅၇ နိုင်ငံက နေပြီးတော့ ခွဲဝေပြိးတော့ ယူသွားကြပါ။ ခေါ်သွားကြပါလို့ ဘုန်းကြီးတို့က ပြောချင်တယ်။”
အခုလို ဆန္ဒပြတာဟာ ခွင့်ပြုချက်တောင်းခံထားတာ မရှိဘဲ ဆန္ဒပြတာ ဖြစ်တဲ့အတွက် ဥပဒေအတိုင်း အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ရဲမှူး သိန်းဝင်းက ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ OIC ကိုယ်စားလှယ် အဖွဲ့ လာရောက်မှာကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ လားရှိုးမြို့တို့မှာလည်း ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ရခိုင်ပြည်နယ်အတွင်းမှာလဲ ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေကို သွားရောက်လေ့လာမှာဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

No comments:
Post a Comment