မောင်ရမ္မာ
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဦးစောလိုင် အပါအ၀င် လူပေါင်း (၁၁) ဦးကို ယမန်နေ့က ရုံးတင် စစ်ဆေးခဲ့သည်ဟု သိရသည်။
သူတို့အားလုံးသည် အောက်တိုဘာလ (၁)ရက်နေ့က သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အတွင်း ဖမ်းဆီး ခံထားရသူများ ဖြစ်ကြသည်။
နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲ မြို့နယ်တရားသူကြီး ဦးမြင့်ဟန်က တရားလိုရော၊ တရားခံပါ နှစ်ဖက်စလုံးကို စစ်ဆေးခဲ့သည်ဟု သံတွဲမြို့ RNDP အတွင်းရေးမှူး ဦးမောင်ဖြူက နိရဉ္စရာသို့ ပြောသည်။
“ မနေ့က ကျနော်တို့ မြို့နယ် ဥက္ကဌအပါအ၀င် ၁၁ ယောက်ကို စစ်ဆေးပါတယ်။ မြို့နယ်တရားသူကြီး ဦးမြင့်ဟန်က စစ်တာပါ။ အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်ပြီး လှုံဆော်တဲ့ အမှုရယ်၊ နောက်တစ်ခုက ၀တ္တရား နှောင့်ယှက်မှုရယ်၊ ဒါတွေကို စစ်ဆေးပါတယ်။ နောက်ပြီး တရားလို ရဲမှူး ခင်ဇော်ကိုလည်း စစ်ပါတယ်” ဟု ယင်းက ဆိုသည်။
သံတွဲမြို့နယ်ဥက္ကဌ ဦးစောလိုင် (ခေါ်) ဦးမောင်ပုနှင့် နောက်ထပ် သံတွဲ ဒေသခံ (၁၀) ဦးအား သံတွဲမြို့နယ် ရဲတပ်ဖွဲ့က တရားလိုလုပ်ကာ ဝတ္တရား နှောင့်ယှက်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၆၊ ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ) ဖြင့် တရားစွဲဆိုထားသည်။
မနေ့က ရုံးတင် စစ်ဆေးမူသည် ဒုတိယ အကြိမ် ဖြစ်ပြီး လာမည့် တတိယ အကြိမ် ရုံးချိန်းကို နိုဝင်္ဘာလ ၁၁ ရက်နေ့ကို ပေးလိုက်သည်ဟု ဦးမောင်ဖြူက ပြောသည်။
စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံထားရသူ ၇၀ ကျော် ရှိပြီး သူတို့ အား လုံ့ဆော်မူ၊ ၀တ္တရား နှောင့်ယှက်မူ၊ လူသတ်မူ၊ မီးရှို့မူ စသည့် အမူတို့ဖြင် အမူတွဲအလိုက် အုပ်စုခွဲကာ တသုတ်ပြီး တသုတ် ရုံးတင် စစ်ဆေးနေခြင်း ဖြစ်သည်။
သံတွဲပဋိပက္ခသည် စက်တင်္ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး ထိုပဋိပက္ခ အတွင်း လူ (၇) ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

No comments:
Post a Comment