ချမ်းစွန်း
လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်အတွက် မွန်ပြည်နယ် အစိုးရမှ ပြည်ထောင်စု အစိုးရ ထံသို့ ကျပ်သန်းပေါင်း သုံးသောင်း နှစ်ထောင် ကျော်ကို ပြည်နယ် အစိုးရ အသုံးစရိတ် လိုငွေ အဖြစ် ပြည်ထောင်စု အစိုးရ ထံသို့ တောင်းခံ သွားရန် ရှိကြောင်း မွန်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး ကျင်းပ အပြီးတွင် ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။
“မွန်ပြည်နယ် လွှတ်တော်၊ အစိုးရက ကိုယ့်ခြေထောက် အပေါ် ကိုယ်မရပ်တည် နိုင်ဘူး။ ကိုယ့် ဝင်ငွေနဲ့လည်း အပြည့်အဝ မရပ်တည် နိုင်သေးဘူးလေ။ သုံးလို့လည်း မလောက်ဘူး။ အဲဒီတော့ ပြည်ထောင်စု အစိုးရနဲ့ ဘတ်ဂျက် လိုငွေကို ညှိပြီးတော့မှ လိုငွေကို ရေးဆွဲ ရတယ်” ဟု ၄င်းပြောသည်။
လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် မွန်ပြည်နယ် အစိုးရ၏ လျာထား ဘတ်ဂျက်တွင် ငွေလုံး ငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း နှစ်သောင်း ခြောက်ထောင် ကျော်နှင့် ပုံမှန် အသုံး စရိတ် ကျပ်သန်းပေါင်း သုံးသောင်း နှစ်ထောင် ရှစ်ရာ ကျော် လျာထား ကြောင်း ဆိုပါသည်။
ထိုလျာထားသည့် ငွေလုံး ငွေရင်း အသုံး စရိတ်နှင့် သာမန် အသုံး စရိတ် နှစ်မျိုးစလုံးမှ မွန်ပြည်နယ် အစိုးရ၏ လိုအပ် နေသည့် ကျပ်သန်းပေါင်း သုံးသောင်း နှစ်ထောင်ကျော်ကို ပြည်ထောင်စု အစိုးရ ထံသို့ တင်ပြ တောင်းဆို သွားရန် ရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ငွေလုံး ငွေရင်း အသုံးစရိတ် လျာထား မှုတွင် ပြည်နယ် အစိုးရမှ စီမံ ပိုင်ခွင့် ရှိသည့် လမ်း၊ တံတား၊ ကျောင်း၊ အဆောက် အဦး တိုးချဲ့ခြင်း စသည့် ကဏ္ဍ များတွင် သုံးစွဲသည့် ငွေများကို ခေါ်ဆို ပါသည်။
သာမာန် အသုံး စရိတ် မှာမူ ပြည်နယ် အစိုးရ ယန္တရား တစ်ရပ် လည်ပတ် နေသည့် ဝန်ထမ်း စရိတ်၊ ဝန်ထမ်း လခ၊ ရုံးသုံး စရိတ်၊ စာရွက်စာတမ်း စသည့် သုံးစွဲ ငွေများ ဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်မူ မွန်ပြည်နယ် အစိုးရ၏ အသုံး စရိတ်မှာ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း တစ်သောင်း ကိုးရာကျော် ရှိကာ၊ သာမန် အသုံး စရိတ်မှာ ကျပ်သန်းပေါင်း နှစ်သောင်း ခြောက်ထောင် တစ်ရာ ရှိခဲ့ ပါသည်။ ထိုဘဏ္ဍာရေး နှစ်တွင်လည်း မွန်ပြည်နယ် အစိုးရမှ လိုငွေ ကျပ်သန်းပေါင်း တစ်သောင်း လေးထောင် ကျော်ကို ပြည်ထောင်စု အစိုးရ ထံသို့ တောင်းဆို ခဲ့ပြီး ဖြစ်သည်။
မွန်ပြည်နယ် အစိုးရမှ လျှာထားသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍရေး ရာထား ချက်တွင် ပြီးခဲ့သည့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေး နှစ်ထက် ငွေလုံး ငွေရင်း အသုံးစရိတ် ၁၃၀ ရာခိုင်နှုန်းကျော် တိုးလာပြီး သာမန် အသုံးစရိတ် ၁၆ ရာခိုင်နှုန်း တိုးလာကြောင်း မွန်ပြည်နယ် လွှတ်တော်က ပြောသည်။
“အခု အဓိက ဘတ်ဂျက် လိုငွေ တောင်းဆို တာက လမ်းတံတား ဆောက်လုပ် ခြင်းနှင့် အဆောက်အဦး အသစ် ဆောက်လုပ်ခြင်း အတွက် ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောသည်။
၎င်းပြည်နယ် လွှတ်တော် အထူးအစည်း အဝေးအား နိုဝင်ဘာ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ သုံးရက်တာ မွန်ပြည်နယ် လွှတ်တော် အဆောက် အဦးတွင် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။
ယခု ကဲ့သို့ မွန်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး ခေါ်ဆို ရခြင်း မှာလည်း အဓိက အားဖြင့် ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်တို့ မွန်ပြည်နယ် အစိုးရ၏ ၂၀၁၄-၂၀၁၅ ရသုံး မှန်းခြေ စာရင်း တင်ပြ နိုင်ရေး အဓိက ဆွေးနွေးရန် ခေါ်ဆိုခြင်း ဖြစ်သည်။ ရက်ပေါင်း (၁၅) ရက် ကြိုတင် အကြောင်း ကြားကာ ခေါ်ဆိုခြင်း ဖြစ်၍ အထူး အစည်း အဝေးဟု သတ်မှတ် ရခြင်း ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ထို အစည်း အဝေးသို့ မွန်ပြည်နယ် (၁၀) မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် (၂၀) ဦး၊ တိုင်းရင်းသား ရေးရာ ဝန်ကြီး (၃) ဦး၊ တပ်မတော်သား ကိုယ်စားလှယ် (၈) ဦး စုစုပေါင်း (၃၁) ဦး ရှိသည့် အနက် ကျန်းမာရေး အခြေ အနေကြောင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး တစ်ဦး မတက်ရောက် ခဲ့သည့် အတွက် ကိုယ်စားလှယ် (၃၀) ဦး ပါဝင် တက်ရောက် ခဲ့သည်။

No comments:
Post a Comment