နန်းမြင့်
မိကျောင်းကန်အရေး ကတိပေးခဲ့သည့်အတိုင်း အစိုးရထံသို့ ပေးပို့တင်ပြခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသည်မှာ အစိုးရအပိုင်းသာဖြစ်သည်ဟု ရန်ကုန်တိုင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရ မှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး လေ့လာစုံစမ်းရေးကော်မရှင် ခေါင်းဆောင် ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောသည်။
“သူတို့ကို ကတိပေးတဲ့အတိုင်း စာအုပ်ချုပ်ပြီး အစီရင်ခံစာတင်ပေးခဲ့တယ်။ သူတို့ကိုလဲ အစီရင်ခံစာပြပြီး ပြီ။ ကော်မရှင်က လုပ်ရမဲ့ဝတ္တရား အပြည့်အ၀ လုပ်ပြီးပြီ။ အစိုးရက ဖြေရှင်းမှုကျန်နေတဲ့အပိုင်းဖြစ်တယ်” ဟု ပြောသည်။
မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်မှ မြေသိမ်းခံပြည်သူများ၏ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက် ပေးနိုင်ရန် တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို လေ့လာစုံစမ်းရေးကော်မရှင်က အစိုးရထံ တင်ပြပေးမည် ဟုဆိုသဖြင့် ဒုတိယအကြိမ် မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ သုံးလတာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က မိကျောင်းကန်ကိစ္စနှင့် ပတ်သက်ပြီး အစီရင်ခံစာကို အစိုးရထံ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်က တင်ပြပေးခဲ့သည်။
သုံးလစောင့်ပြီး အဖြေမရသည့်အတွက် မတ် ၂၄ ရက်က မဟာဗန္ဓုလပန်းခြံဘေးတွင် တတိယအကြိမ် သပိတ်စခန်းကို ၎င်းတို့က ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ဦးအောင်သိန်းလင်းက “အဲဒီမတိုင်ခင် အဋ္ဌမအကြိမ်မှာ မိကျောင်းကန် မြေသိမ်းခံရတာနဲ့ပတ်သက်ပြီး ဥပဒေနဲ့ညီမညီ မေးခဲ့တယ်။ အစိုးရက နိုင်ငံခြားသား ပိုင်မြေဖြစ်တယ်လို့ စာနဲ့ဖြေကြားခဲ့တာကိုလဲ သူတို့ ကို ပေးပြီးပြီ”ဟု ပြောသည်။
မိကျောင်းကန်ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင်ကသုံးသပ်ရာတွင် မိကျောင်းကန် မူလနေထိုင်သူများသည် တရားဝင်ပိုင်ဆိုင်ခွင့်မရှိခြင်းမှလွဲ၍ သာမန်ရပ်ကွက်ကြီးတစ်ခု ဖွဲ့စည်းတည်ဆောက်ပြီးမှ အစိုးရအခွန် ဆောင်ပြီး နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စီမံကိန်းဆောင်ရွက်မှုမရှိဘဲ လစ်လပ်နေသဖြင့် နစ်နာသူများထံ လွှဲပေးခြင်း၊ မြေအစားထိုး ပေးခြင်း၊ ကာလတန်ဖိုး ဒေသပေါက်ဈေးဖြင့် နစ်နာကြေးပေးခြင်း စသည့်နည်းလမ်းဖြင့် ဆောင်ရွက်ပေး သင့်ကြောင့် ကော်မရှင်က အစီရင်ခံတင်ပြခဲ့သည်။
မိကျောင်းကန်သပိတ်စခန်းက သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ နေနွယ်သန်းက “ပြေလည်အောင် မလုပ်ပေးမချင်း သပိတ် ဆက်လက်ဖွင့်မယ်” ဟု ပြောသည်။ အဆိုပါ မိကျောင်းကန်ကိစ္စကို ဧပြီ ၁ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းမှုတွင် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာကို စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်မည်ဖြစ်၍ မြေမစွန့်နိုင်ဟု တိုင်းစစ်ဌာနချုပ်ကဆိုခဲ့ပြီး သပိတ်ခေါင်းဆောင်များကလည်း သပိတ်စခန်း အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု အပြန်အလှန် ပြော ထားသည်။
မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ် စခန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment