ABC
ရခိုင်ပြည်နယ်အတွင်းက ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် ခရီးသွားခွင့်ပိတ်ပင်ခံထားရတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ တခြားနိုင်ငံတကာ လူသားခြင်းစာနာထောက်ထားမှု အဖွဲ့က၀န်ထမ်းတွေကို ခရီးသွားခွင့်ပြန်လည်ဖွင့်ပေးဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို ဗုဒ္ဓဟူးနေ့မှာပဲ တောင်းဆိုလိုက် ပါတယ်။
ရခိုင်ပြည်နယ်က လူသားခြင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက စိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ နိုင်ငံတကာ လူသားခြင်း စာနာ ထောက်ထားမှု အဖွဲ့တွေ တိုက်ခိုက် ခံရတာဟာလည်း ခက်ခဲနေပြီးသား အခြေအနေကို ပိုမို ဆိုးရွား စေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းက အကူအညီ လိုအပ်နေတဲ့ လူတွေ အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့တွေက ၀န်ထမ်းတွေ အနေနဲ့ လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ အတွက် ခရီးသွားလာခွင့် ပိတ်ပင်မှုတွေကို ပြန်လည် ဖွင့်ပေးဖို့နဲ့ ခရီးသွား လုံခြုံရေး အတွက်လည်း လိုအပ်သလို တာဝန်ယူပေးဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကစပြီး ရခိုင်ပြည်နယ် အတွင်းက နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေရဲ့ ရုံးတွေ၊ ပစ္စည်း သိုလှောင်ရုံတွေနဲ့ နေအိမ်တွေကို ဗုဒ္ဓဘာသာဝင် အုပ်စုတစ်စုက ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် အဆိုပါ အုပ်စုကို ခွဲနိုင်ဖို့ ရဲတွေက သေနတ်တွေ ပစ်ဖေါက်ခဲ့ပြီး နိုင်ငံတကာ ၀န်ထမ်းတွေ ကိုလည်း ကူညီ ကယ်ဆယ် ခဲ့ရပါတယ်။
နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ Melteser International အဖွဲ့က နိုင်ငံခြားသူ ၀န်ထမ်း အမျိုးသမီး တစ်ဦးဟာ ရခိုင် တိုင်းရင်းသားတွေ သန်းခေါင်စာရင်း ကောက်ခံမှုကို သပိတ်မှောက်တဲ့ အနေနဲ့ စိုက်ထူထားတဲ့ ဗုဒ္ဓဘာသာ သာသနာ့ အလံကို ဖြုတ်ချ ခဲ့တဲ့အတွက် အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အခြေအနေတွေ တင်းမာနေတာ ဖြစ်ပါတယ်။

No comments:
Post a Comment