စည်သူမောင်မောင်
သစ်တန်ချိန် ၃၅၀ ကျော်ကို ပုသိမ်ခရိုင်အတွင်းရှိ သစ်တောကြိုးဝိုင်းများမှ ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်း က တရားမ၀င်ခိုးထုတ်ရာတွင် ဖမ်းဆီးနိုင်ခဲ့သော်လည်း သစ်ခိုးထုတ်သူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေး ကြောင်း ဧရာဝတီတိုင်း သစ်တောဦးစီးမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါသစ်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပါအ၀င် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့တို့ ပူးပေါင်းကာ သင်္ကြန်ကာလအတွင်းကပင် ချက်ချင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“သုံးလပိုင်း လဆန်းလောက်ကလည်း စတင် ဖမ်းဆီးနေတယ်။ သင်္ကြန်ကာလမှ သစ်ခိုးတာတွေ လုပ်နေ တာ။ သုံးနှစ်လောက်တော့ရှိပြီး သင်္ကြန်ကာလမှ သစ်ဖမ်းဆီးမှုတွေလုပ်တာ။ တချို့ လာတိုင်လို့ဖမ်းတယ်၊ ရှောင်တခင် ဖမ်းဆီးတာတွေလည်း ရှိတယ်။ သစ်တောသွားရင် ဖမ်းတဲ့သစ်ထွက်နိုင်တဲ့ နေရာတွေကို လည်း ပိတ်ဆို့ဖမ်းဆီးတာတွေ ရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ဖမ်းဆီးတာတွေ ပိုလုပ်တယ်” ဟု အထက် ပါ တာဝန်ရှိသူက ပြောသည်။
ဖမ်းဆီးရမိရာတွင် သစ်လုံး ၇၆၁ လုံး၊ ခွဲသားသစ် လုံး ၅၇၁ လုံး၊ သစ်တိုင် ၁၄၈တိုင် ၊မျော ၃၄ လုံးနှင့် ရောင်းခြမ်း ရှစ်ခြမ်း စုစုပေါင်း ၃၅၇ ဒသမ ၇၆၃၂ တန် ရရှိခဲ့ပြီး သစ်များ လမ်းဆုံးလမ်းခွများနှင့် ဥယျာဉ် ခြံမြေများအတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသော သစ်များဥယျာဉ်ကုန်းသစ်ဆိပ်သို့ ပိုဆောင်အပ်နှံထားပြီး၊ ပိုင်ရှင်များကို ဆက်လက်စုံစမ်း ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်အောင် ပြုလုပ်ကာ သစ်တောဦးစီးဌာနမှ တရားလိုပြု ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယင်းသို့ တရားမ၀င်သစ်ခိုးမှုများ ပိုင်ရှင်မပေါ်ခြင်း နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မြို့နယ် လူငယ်ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသက်နိုင်ဇော်က “သစ်တွေဖမ်းမိလည်း ပိုင်ရှင်မမိ ဘူး။ ဆင်တွေပ စ်သတ်တာလည်း တရားခံမမိဘူး။သစ်တောမှာ သစ်ခိုးတာတွေ၊ သစ်ပင်သေးဆို ခုတ်ပြီး မီးသွေးဖုတ်တယ်။ သစ်တောတွေက ကုန်သလောက် ဖြစ်ပြီး၊ တာဝန်ရှိတဲ့သူတွေ တိတိကျကျ လုပ်လိုရ တယ်။ ဥပဒေ ရှိပြီးသားပါ။ သစ်တွေကို ရန်ကုန် ရေလမ်း၊ ကုန်းလမ်းက ပို့နေတာ။ အခုလိုဆို နောက်သစ် တော ရှိတော့မှာ မဟုတ်ဘူး” ဟု ဝေဖန်ပြောဆိုသည်။
ပုသိမ်ခရိုင်အတွင်း သစ်တောကြိုးဝိုင်း ၁၈ ခုရှိပြီး သစ်တော ဧရိယာ ငါးသိန်းကျော်ရှိကာ တောင်သရက်၊ သစ်တို၊ သစ်ပုတ်၊ တောင်ပိန္နဲနှင့် အခြားသစ်များပေါက် ရောက်နေပြီး သစ်တောကြိုးဝိုင်းအတွင်း တန်းဖိုးရှိ သစ်များ ရှားပါးသွားသည်ဟု ဒေသခံများက ပြောသည်။
No comments:
Post a Comment