Saturday, April 26, 2014

တပ်မတော်က အင်အားသုံးတိုက်သည့်အပေါ် တိုင်းရင်းသားတပ်ပေါင်းစု ကန့်ကွက်

ကို​ထွေး

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတွေမှာ မြန်မာ့တပ်မတော်က မဟာဗျူဟာထိုးစစ်တွေ ဆင်နွှဲတဲ့အပေါ် တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုက ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။

တပ်မတော်က စစ်အင်အား အလုံးအရင်းနဲ့ ကချင်လွတ်လပ်ရေး တပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေအပေါ် သာလွန်အင်အားသုံးစွဲ ထိုးစစ်ဆင်နေတဲ့အပေါ် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းနေချိန်မှာ စစ်အင်အားသုံးပြီး ပြဿနာဖြေရှင်းဖို့ ကြိုးစားတာကြေင့် ရရှိထားပြီသား နားလည်မှု၊ ယုံကြည်မှုနဲ့ သဘောတူညီမှုအဆင့်တိုင်းကို တစစီပြန်ချေဖျက်သလို ဖြစ်မှာကိုလည်း သတိပေးထားပါတယ်။

ထိုးစစ်တွေနဲ့ ပို့ထားတဲ့ တပ်အင်အားတွေ မရုပ်သိမ်းရင် ငြိမ်းချမ်းရေးကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ယူအန်အက်ဖ်စီ ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ထိုးစစ်တွေ မရုပ်သိမ်းဘူး၊ ပို့ထားတဲ့ တပ်အင်အားတွေ ပြန်မဆုတ်လာဘူးဆိုရင်တော့ ထိခိုက်မှာပါ။ ဒီလိုအခြေအနေမှာ တဖက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ၊ ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ မသိသေးဘူး။ တဖက်ကလည်း အဲဒီကြေညာချက်နဲ့ လိုက်လျောညီထွေလုပ်နိုင်မယ့် ကိစ္စတွေလည်း ကျနော်တို့ ဆက်လုပ်ရမှာပေါ့။”


ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အကြားမှာ ဒီလဆန်းက စတင်တဲ့တိုက်ပွဲတွေကြောင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်နေကြပြီး ရွာသားတွေ ထောင်ချီထွက်ပြေးနေကြရပါတယ်။

ဒါ့အပြင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ အပစ်ခတ်ရပ်စဲရေး သဘောတူညီပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပဖို့ နိုင်ငံရေး သဘောတူညီချက်တွေရယူနိုင်ဖို့အထိ ဆက်လက်ဆောင်ရွက်ဖို့လည်း ယူအန်အက်ဖ်စီက တိုက်တွန်းထားပါတယ်။

မြန်မာငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကတော့ ပဋိပက္ခကတော့ မရှိရင်ကောင်းသလို ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာလည်း တဆင့်ပြီးတဆင့်သွားရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ယုံကြည်မှုတွေ ပိုရဖို့ လိုပါတယ်။ ယုံကြည်မှုတွေ ပိုရရင် ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုမြန်တာပေါ့။ အခုလည်း ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် တောင်ပိုင်းအစပ်မှာ ပြည်ခဲ့တဲ့ ရက်သတ္တပတ်တွေက ဖြစ်သွားတဲ့ ပဋိပက္ခက နှစ်ဖက်လုံး ဘယ်သူမှ ဖြစ်ချင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် မမျှော်လင့်ဘဲနဲ့ ဖြစ်သွားခဲ့တယ်။ အဲဒါကို ယုံကြည်မှု ပြန်တည်ဆောက်ဖို့ လိုပါလိမ့်မယ်။ အခုလည်း သက်ဆိုင်တဲ့ နှစ်ဖက်ခေါင်းဆောင်တွေ စဉ်းစားပြီး ဆောင်ရွက်နေတယ်လို့ ကျနော်တို့ မှတ်ယူပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားတွေ ပူးတွဲပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ပထမမူကြမ်း) အဆင့်ရပြီး လာမယ့် မေလဆန်းမှာ ထပ်မံဆွေးနွေးဖို့ ချိန်းဆိုထားချိန်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေတာဟာ အပြန်အလှန်ယုံကြည်မှုနဲ့ ဆွေးနွေးပွဲတိုးတက်ရေးအတွက် စိမ်ခေါ်မှုလို ဖြစ်နေပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာ့တပ်မတော်ရဲ့ တပ်မ ၂၂ နဲ့ ၄၄ ကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နောက်ချန်ထားပြီး ကျန် ၁၁၊ ၃၃၊ ၅၅၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်မအားလုံးကို ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ ရောက်ရှိ ဖြန့်ကြက်ထားပြီး ဒေသခံ လက်အောက်ခံတပ်ရင်းတွေနဲ့ ပူးပေါင်း စစ်ဆင်နေတာဟာ သာလွန်အင်အားကို သိသာ ထင်ရှားစွာ အသုံးပြုနေတာကို တွေ့မြင်ရတယ်လို့လည်း ဆိုပါတယ်။

No comments: