Monday, April 21, 2014

မူးယစ်ဆေး သုံးမျိုးသယ်လာသည့် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိ

ဇော်ဇော်ထွေး

စိတ်ကြွဆေးပြား၊ ဆေးခြောက်နှင့် ICE အမည်ရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးကို ဧပြီ ၁၉ ရက် ညနေက မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖမ်းဆီးရမိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန် အနောက်ပိုင်းခရိုင် မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့သည့် ကြိုတင်သတင်းအရ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်အရှေ့ရပ်ကွက် ဒေါ်သိန်းတင်လမ်း“အောင်” စတိုးဆိုင်ရှေ့၌ ရပ်ထားသည့် အေဒီဗင် အဖြူ ရောင်ယာဉ်ကို စစ်ဆေးရာမှ မူးယစ်ဆေးများ သယ်ဆောင်လာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ထို့နောက် ယာဉ်ပေါ်တွင် ယာဉ်မောင်းဖြစ်သူ သိန်းဦး(ခ) လသစ် (၃၄) နှစ်နှင့် ယာဉ်ပေါ်ပါသူ ပြည့်ဖြိုးလွင် (ခ) ရားရား ၃၀ နှစ်တို့ နှစ်ဦးကို ကန်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ပြီး ရှာဖွေခဲ့ကြသည်။

စစ်ဆေးရာတွင် ယာဉ်မောင်း သိန်းဦး (ခ) လသစ်၏ ထိုင်ခုံရှေ့ အောက်ခြေနင်း ကြမ်းခင်း၌ ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်အတွင်းမှ တန်ဘိုးကျပ် ၁၇ သိန်းခွဲရှိ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေး ၃၅၀ ပြားကို သိမ်းဆည်းရခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းအပြင် ငွေကျပ်၁၃၀,၀၀၀ကျော်တန်ဖိုးရှိ ICE တံဆိပ်ပါ မူးယစ်ဆေး ၅ဒသမ ၉၄ဂရမ်နှင့်ဆေးခြောက် ဟု ယူဆရသည့် အရွက်ခြောက် ငါးဂရမ်ခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

No comments: