ABC
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့ကပဲ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခုခရီးစဉ်ဟာ ဂျာမနီ သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာဖြစ်ပြီးတော့ သူရောက်ရှိသွားပြီး နာရီပိုင်းအတွင်းမှာပဲ ဂျာမန်သမ္မတ Joachim Gauck နဲ့ ဇနီးတို့ကို တွေ့ဆုံခဲ့သလို ဂျာမနီ ၀န်ကြီးချုပ် Angela Merkel နဲ့လည်း တွေ့ဆုံခဲ့ တယ်လို့ သိရပါတယ်။ ဂျာမနီရောက် မြန်မာ မိသားစုတွေ ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို သွားရောက် ကြိုဆို ခဲ့ကြ တယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လွတ်လပ်မှု ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး တွေအတွက် မားမား မတ်မတ် ရပ်တည် တိုက်ပွဲ ၀င်ကြတဲ့လူတွေ ကမ္ဘာပေါ်မှာ အများကြီး မရှိဘူးလို့ ဂျာမနီ ၀န်ကြီးချုပ် Angela Merkel က ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်မတွေ့ဆုံခင်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ဂျာမနီနိုင်ငံဟာ ဖွံ့ဖြိုးတိုး တက်ရေး အမှတ် အသား တခုတည်း မကပဲနဲ့ နိုင်ငံရေး အရ ညှိနှိုင်းဆွေးနွေး မှုနဲ့ စည်းလုံး ညီညွတ်မှု အတွက်လည်း အတုယူစရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့နဲ့ လက်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ကြားမှာ မတူညီ မှုတွေကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေ ကို ကျော်လွှားနိုင် လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်ဟာ မြန်မာနဲ့ ဂျာမနီနိုင်ငံကြားက ဆက်ဆံရေး ပိုမိုရရှိလာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း ဂျာမန် သတင်းမီဒီယာတွေက ဆိုပါတယ်။
ဒီသောကြာနေ့မှာတော့ ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ်ပါတီက ပေးအပ်တဲ့ ၀ီလီ ဘရန့်တ် Willy Brandt ဆုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံခရီးစဉ်အပြီးမှာတော့ ပြင်သစ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

No comments:
Post a Comment