သီဟကိုကို
မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍအလိုက် အသုံးစရိတ်များပြားနေမည်ဖြစ်သည့်အတွက် လာမည့် သုံးနှစ်မှ ငါးနှစ်ခန့်အထိ ဘတ်ဂျက်လိုငွေပြမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၏ အငြိမ်းစားဒု-ညွှန်ချုပ်တစ်ဦးလည်းဖြစ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၏ အမှုဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်သူ ဦးစိုးသိန်းက ပြောသည်။
ဧပြီလ ၆ ရက်တွင် မေခဆောင် (ရန်ကုန်စီးပွားရေးတက္ကသိုလ်)ကစီစဉ်သည့် နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်း လေ့လာသုံးသပ်ခြင်း(A Glacnce At Public Sector Budget)ဖိုရမ်တွင် ဦးစိုးသိန်းက အထက်ပါအတိုင်း သုံးသပ် ပြောဆိုခြင်းဖြစ်သည်။ အဆိုပါဖိုရမ် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UNFCCI) တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဦးစိုးသိန်းက “နိုင်ငံတကာမှာ ဘတ်ဂျက်ကို သုံးနှစ်ကနေ ငါးနှစ်အထိ ရေးဆွဲကြတယ်။ ဒီမှာက တစ်နှစ်အတွက်ပဲ ရေးဆွဲတယ်။ နောက် ၃ နှစ်ကနေ ၅ နှစ်အထိမှာ ဘတ်ဂျက်အခြေအနေ ဘယ်လိုဖြစ်မလဲဆို တာ ဘယ်သူမှမသိနိုင်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်ကနေ ငါးနှစ်က ဘတ်ဂျက်အခြေအနေကို ကြည့်ခြင်း အားဖြင့် ဖြစ်ပေါ်နေတဲ့ ဘတ်ဂျက်လိုငွေဟာ နောင်သုံးနှစ်ကနေ ငါးနှစ်အထိလည်း ဆက်ဖြစ်နေဦးမှာပဲ။ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်တွေမှာ ဘတ်ဂျက်လိုငွေတွေက ကျပ်သုံးထာင်ဘီလီယံနီးပါးလောက် ရှိနေတယ်” ဟု ပြောသည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ၂,၉၀၀ ဘီလီယံနီးပါး လိုငွေပြခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ်၂၇၀၀ ဘီလီယံကျော် ရှိနေခြင်းဖြစ်ကာ ဘတ်ဂျက်လိုငွေသည် နိုင်ငံဂျီဒီပီ၏ ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိနေခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။
ဘတ်ဂျက်လိုငွေမှာ နိုင်ငံ၏ ဂျီဒီပီ ၄ ဒသမ ၂ ရာခိုင်နှုန်း ပြနေခြင်းသည် နိုင်ငံတကာစံနှုန်းဖြင့် နှိုင်းယှဉ်ပါ က မြင့်မားသည်ဟုမဆိုနိုင်သော်လည်း ရေရှည်အတွက် ကြွေးမြီများတင်ခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို မြင့်တက်စေသည်ဟု စီးပွားရးပညာရှင်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံအနေဖြင့် အခွန်ကောက်ခံမှုမှ ၄ ဒသမ ၄ ရာခိုင်နှုန်းသာ ရရှိသည့်အတွက် ဒေသတွင်း အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် များစွာနည်းပါးလျက်ရှိနေသေးသည်ဟု ဘတ်ဂျက်နှင့်ပတ်သက်၍စာတမ်း ပြုစုခဲ့သည် Action Aid Myanmar မှ တာဝန်ရှိသူတစ်ဦးက မတ်လအတွင်း သုံးသပ်ပြောဆိုထားသည်။ ဘတ်ဂျက်လိုငွေပြတိုင်း ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်းကိုသာ မြင့်တက်စေ သည်ဟုလည်း အဆိုပါတာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောသည်။
နိုင်ငံ၏၀င်ငွေကို အခွန်ကဏ္ဍမှ ရရှိနိုင်သော်လည်း မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် အခွန်ဝန်ထမ်းများ၏ အရည်အသွေးပိုင်းတွင် အားနည်းချက်များစွာရှိနေသေးသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးဟန်ထွန်းက သုံးသပ်သည်။ သဘာဝသယံဇာတကဏ္ဍများမှ ၀င်ငွေများ ပိုမိုရရှိ ရန်အတွက် စီမံခန့်ခွဲသင့်သည်ဟု ဧပြီ ၆ ရက် ဖိုရမ်တွင် ဆွေးနွေးသည့် စီးပွားရေးဆိုင်ရာပညာရှင်များက ထောက်ပြပြောဆိုသည်။
Action Aid Myanmar မှတာဝန်ရှိသူတစ်ဦးကလည်း သဘာဝသယံဇာတကဏ္ဍကို ထိရောက်စွာ စီမံခန့် ခွဲနိုင်ပါက ၀င်ငွေရရှိမှု တိုးမြင့်လာနိုင်ပြီး နိုင်ငံဘတ်ဂျက်၏ ငါးဆခန့်ထိ မြင့်တက်နိုင်သည်ဟု သုံးသပ် ပြောဆိုထားသည်။
No comments:
Post a Comment