Sunday, April 20, 2014

သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် အမှုခင်းပေါင်း ၅၇၈ ခုဖြစ် သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာ ရရှိသူ ၂၄၈ ဦးရှိ

ဇော်ဇော်ထွေး

ယခင်နှစ်ထက် အမှုအခင်းများ မြင့်တက်ခဲ့

ရန်ကုန်တိုင်း ဒေသကြီးတွင် သင်္ကြန် ၄ ရက်တာ ကာလအတွင်း အမှုအခင်းပေါင်း ၅၇၈ ခုထိ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး ဒဏ်ရာရရှိသူ ၂၄၈ ဦးရှိခဲ့ကာ သင်္ကြန်နှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သည့် အမှုပေါင်းမှာ ၁၅၉ မှု ပါဝင်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဧပြီ ၁၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

သင်္ကြန်ကာလအတွင်းတွင် လူသတ်မှု ၉မှုတွင် သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာ ရရှိသူ ၃ ဦးအထိ ရှိခဲ့ပြီး အဓမ္မပြုကျင့်မှု ၃မှုအထိ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ပေးထားသည့် စာရင်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုများမှာလည်း ၆၁ မှုထိ ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၆၄ ဦးထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ခိုက်ရန်ဖြစ်ပွားမှုမှာ ၅၈ မှုထိ ဖြစ်ပွားထားပြီး လူသေဆုံးမှု မရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ ၇၂ ဦးထိ ရှိခဲ့သည်။

ထို့ပြင် ဝတ္တရားနှောင့်ယှက်မှု ၁မှုတွင် ထိခိုက်မှု ၂ဦးနှင့် သေမှုသေခင်း ၂၇ ဦးထိရှိကာ ကာအိနြေ္ဒဖျတ်ဆီးမှု ၁၁ မှုတွင် ထိခိုက်ဒဏ်ရာရမှု ၇ဦးထိ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

မူးယစ်ရမ်းကားမှုမှာ ၉၇ ခုအထိ ဖြစ်ပွားခဲ့ပြီး အခြားအမှုပေါင်း ၃၁၁ မှုလည်း ဖြစ်ပွားခဲ့သည်ဟု မှုခင်းစာရင်းများအရ သိရသည်။

သင်္ကြန်နှင့် ဆက်နွယ်ပက်သက်၍ ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၅၉ မှုတွင်လူသတ်မှု ၁ မှု၊ ယာဉ်တိုက်မှု ၁၇ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၁၇ မှု၊ သေမှုသေခင်း ၁ မှု၊ ကာအိနြေ္ဒပျက်စီးမှု ၆ မှု၊ မူးယစ်ရမ်းကားမှု ၁၁ မှုနှင့် အခြားအမှုပေါင်း ၁၀၆ မှုထိ ပါဝင်ခဲ့သည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမှုအခင်းပေါင်း ၄၀၇ မှုရှိခဲ့ပြီး သေဆုံးသူ ၂၅ဦး၊ ဒဏ်ရာ ရရှိသူ ၁၈၅ ဦးသာ ရှိခဲ့သည့်အတွက် ၂၀၁၄ သင်္ကြန်ကာလသည့် အမှုခင်း သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မြင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။

သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လူသတ်မှု ၃၃ မှု၊ အဓမ္မပြုကျင့်မှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှုနှင့် အခြား အမှုများအပါအဝင် အမှုစုစုပေါင်း ၈၃၆ မှု ဖြစ်ပွားထားပြီး ၉၁ ဦး သေဆုံးကာ လူပေါင်း ၇၅၈ ဦးထိ ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက မီဒီယာတစ်ခုသို့ ပြောကြားထားသည်။

No comments: