နန်းလွင်နှင်းပွင့်
ကချင်ပြည်နယ်၊ မန်စီမြို့နယ် အနီးတစ်ဝိုက်၌ ဧပြီလ ၁၀ရက်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန်ဝိုင်းကြီး ကျေးရွာအုပ်စု စစ်ပြေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည် ၅၀၀၀ကျော်မှာ စားနပ်ရိက္ခာ မလုံမလောက်ဖြစ်နေသည်ဟု ဂရုဏာကယ်ဆယ်ရေးစခန်း တာဝန်ခံ ကိုနော်ဒင့်က မဇ္ဈိမကို ပြောသည်။
“ကယ်ဆယ်ရေး လုပ်နေတဲ့ အခြားအဖွဲ့တွေကိုတော့ အကူအညီတောင်းထားတယ်၊ ဒါပေမယ့် လောလောဆယ်တော့ စုပေါင်းချက်စားစနစ်နဲ့ပဲ ရှိတာနဲ့ စားနေရတယ်၊ ရေရှည်အတွက်တော့ စားနပ်ရိက္ခာက လိုလာပြီ"ဟု ပြောသည်။
မန်ဝိုင်းကြီးကျေးရွာအုပ်စုအတွင်း ခိုလှုံနေသည့် စစ်ပြေး ဒုက္ခသည်များကို ကျေးရွာအနီးမှ ဒေသခံများ၊ ကယ်ဆယ်ရေး စခန်းတာဝန်ရှိသူများ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများမှ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ တို့ကို စုပေါင်း ချက်ပြုတ်စားသောက်ရန် လတ်တလော ပေးဝေထားသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းရက်များတွင် တပ်မတော်ဘက်မှ မန်ဝိုင်းကြီးစခန်းတွင်းသို့ ဆန်အိတ် ၄၀ခန့် လာရောက်လှူဒါန်းမှုများ ရှိသည်ဟု စခန်းတာဝန်ခံများကဆိုသည်။
မန်ဝိုင်းကြီးစခန်း တာဝန်ခံတစ်ဦးက “တပ်မတော်ဘက်က တပ်မဟာမှူး တစ်ဦးလို့တော့ သိတယ်၊ ၁၅ သိန်းဖိုး လှူတယ်လို့တော့ပြောတာပဲ၊ ဆန်အိတ်တွေ ပါတယ်"ဟု ပြောသည်။
မန်ဝိုင်းကြီး ကျေးရွာအုပ်စုတွင် ကစ်သလစ်ဘုရားကျောင်း နှင့် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတို့တွင် ဧပြီလ ၁၂ ရက်က တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြေးရှောင်လာရသည့် ဒုက္ခသည် ၂၇၀၀ အသစ်ရောက်ရှိလာပြီး ထိုစခန်းများတွင်ပင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ခိုလှုံနေသူဦးရေမှာ ၃၀၀၀၀ ၀န်းကျင်ခန့် ရှိပြီး ဖြစ်သည်။
မန်ဝိုင်းကြီး ဒေသတွင်း စခန်းများကို အဓိက ထောက်ပံပေးနေသည်မှာ ဘုရားကျောင်း နှစ်ကျောင်းမှ ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံ အရပ်ဘက်အဖွဲ့များဖြစ်သည်။
ဧပြီလ ၁၂ ရက် တိုက်ပွဲများကြောင့် စစ်ပြေး ရှောင်နေရသူများမှာ မန်ဝိုင်းကြီး ကျေးရွာအုပ်စုအပြင် လဂယန်ကယ်ဆယ်ရေးစခန်းတွင် ဦးရေ ၈၀၀ ကျော်၊ ခရန်ဇွပ်ကယ်ဆယ်ရေးစခန်းတွင် ဦးရေ ၁၉၀ ၀န်းကျင်၊ နှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးရောက်ရှိသူများမှာ ၁၀၀၀ကျော်ခန့် ရှိသည်ဟု ကိုနော်ဒင့်က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ၊ ကဒေါ့ကောင်၊ ယန်ဝူး၊ မော်စီ၊ ဂေါန့်ငူယန်နှင့် ဒိန်ဂါ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
ကချင်လူမှု အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်း တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေရသည့် ဒုက္ခသည်များ နှင့် ပတ်သက်၍ အကာအကွယ်ပေးရန်၊ ဘေးကင်းလုံခြုံရေးအတွက် အရေးတကြီး ဆောင်ရွက်ပေးရန်၊ ကလေးများအပါအ၀င် ဒုက္ခသည်အားလုံးတို့ကို သက်ဆိုင်သူများက အကာအကွယ်ပေး ရန် လိုအပ်ချက်များ၊ အလေးထားစွာ သေချာကိုင်တွယ် လုပ်ဆောင်သင့်သည်ဟု သဘောထား ကြေငြာချက်ကို ဧပြီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
No comments:
Post a Comment