Saturday, April 26, 2014

ကချင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ ပထမဆုံးအကြိမ် ကျင်းပ

ပိုင်စိုး

ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး အန္တရာယ်စိုးရိမ်စရာ အခြေအနေ ဖြစ်လာတဲ့အတွက်ပထမဆုံးအကြိမ် ကချင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ပြီး ရှမ်းနဲ့ ကချင်ပြည်နယ်က မြို့တွေမှာ ဒီနေ့ကျင်းပသွားပါတယ်။

ပထမဆုံးအကြိမ် ကချင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ လှုပ်ရှားမှုအဖြစ် ဘာသာရေး ဆုတောင်းပွဲတွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က နေရာ ၁၂ ခုမှာ ဒီနေ့ မနက် ၇ နာရီက တပြိုင်နက် တည်း ပြုလုပ်ခဲ့ တာပါ။ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်၊ လိုင်ဇာစတဲ့မြို့တွေနဲ့ ရှမ်းပြည်နယ် လာရှိုးမြို့က ကချင်ခရစ်ယာန် အသင်းတော်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးဟာ ကချင်လူထုအပေါ်မှာ ကြီးမားတဲ့ အန္တရာယ် ဖြစ်လာနေတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်က လူငယ်တာဝန်ခံ ကိုတန်ဂွန်းက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာတော့ စီတာပူရပ်ကွက်က မနောကွင်းမှာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး နေ့ အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ပြီး လူ ၂ ထောင်လောက် တက်ရောက်ခဲ့ပါတယ်။

ကချင် မူးယစ်ဆေးဝါး ဆန့်ကျင်ပရေးနေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးလုံဂျုံတူးရော်က မူးယစ်ဆေးဝါးကို အမျိုးသားရေး အန္တရာယ်တခုလို့ မြင်တဲ့အတွက် ခုလို ကျင်းပတာလို့ ပြောပါတယ်။

ကချင် ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လိုင်ဇာမှာ တွေ့ဆုံခဲ့ပြီး နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့၊ မနက် ၇ နာရီတိုင်းမှာ ကချင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့အဖြစ် ဆုတောင်းပွဲတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ဟာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း အမြင့်ဆုံးပြည်နယ်တခုဖြစ်ပြီး မြန်မာနိုင်ငံဟာလည်း အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။

No comments: