Tuesday, April 22, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ တို့တွေ့၊ ဖွဲ့စည်းပုံပြင်ရေး ပြည်သူပါဝင်အောင် လုပ်မည်

နန်းလွင်နှင်းပွင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ အဖွဲ့အစည်းဝင်တို့ ဧပြီလ ၂၁ ရက် တွေ့ဆုံမှုအပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရန် ပြည်သူလူထု နိုးကြားအောင် ဦးစွာလုပ်ဆောင်မည်ဟု ကိုမင်းကိုနိုင်က ထုတ်ဖော် ပြောဆိုလိုက်သည်။

“ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာက လူထုရဲ့နိုးကြားမှုပေါ်မှာ မူတည်တယ်၊ အဲ့တော့ လူထုနိုးကြားမှု တတ်လာ အောင် အရင် ကြိုးစားရမယ်။ ပြီးရင် ပူးပေါင်းပါဝင်မှု ဖြစ်လာအောင် ရယူရမယ်၊ ဘယ်ခေတ်ရဲ့ ဘယ် အပြောင်းအလဲမဆို ဒီနည်းနဲ့ပဲ သွားမှ ရမယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

ဧပြီလ ၂၁ ရက်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေးတို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၄၅၊ ဒေါ်အောင်ဆန်းစု ကြည် နေအိမ်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ သုံးကြိမ်မြောက် ဆွေးနွေးပွဲ ပြုလုပ်အပြီး ပြော ဆိုခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွင် ပြည်သူများအနေဖြင့် “မျက်စိမှိတ် ထောက်ခံခြင်း” ကို မလိုလားဘဲ မည်သည့်အတွက် ပြင်ဆင်ရမည်၊ မည်သည့်အချက်များ ပြင်ဆင်ရန် လိုအပ်သည် ဆိုသည်တို့အား အတိ အကျသိမှ သိပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု ကိုမင်းကိုနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကိုမင်းကိုနိုင်က “ဒီနေ့အစည်း အဝေးမှာ ချပြပြောပြဖို့ကတော့ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်လုပ်မယ်ဆိုတာပဲပြောဖို့ ခွင့်ရထားတာပါ” ဟု ပြောသည်။

ဆွေးနွေးမှုတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သတ်၍ ပြည်သူလူထုအား တိုက်ရိုက်ထိတွေ့ လုပ်ဆောင် ရန် ဆုံးဖြတ်ချက်ချခြင်းအား လာမည့် လပိုင်းအတွင်းများတွင် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု နှစ်ဦး နှစ် ဖက် သဘောတူညီထားပြီးဖြစ်ကြောင်း ကိုမင်းကိုနိုင်က မဇ္ဈိမသို့ပြောသည်။

နိုင်ငံရေးအခြေအနေအရ နိုင်ငံရေးအင်အားစုများအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအား နိုင်ငံတော်၏ အဓိက လိုအပ်ချက်အဖြစ် သတ်မှတ်ထားပြီး ပြင်ဆင်ရန် တင်းကျပ်ထားသည့် အခန်း (၁၂) ၊ ပုဒ်မ (၄၃၆) အား ပြုပြင်ပြောင်းလဲနိုင်ရန် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်စဉ်မှ စ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား ဆောင်ရွက်ရန် မူတစ်ရပ်အဖြစ် လူထုသို့ ပြောဆိုထားသည်။

NLD အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအား လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ပြီး ဒီမိုကရေစီ စံနှုန်းများဖြင့် ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းချောမွေ့စွာ ပြုပြင်နိုင်ရေးကို ဦးတည်ဆောင်ရွက် ရန် ပြောဆိုထားပြီး ဖြစ်သည်။

၈၈ မျိုးဆက်များအနေဖြင့်လည်း ၂၀၁၃ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် ကျင်းပခဲ့သည့် ငွေရတုအခမ်းအနားတွင် ဖွဲ့စည်းပုံ ပြင်ဆင်မည်ဟု လူထုသို့ ကတိပေး ပြောဆိုထားသည်။

No comments: