ဇော်ဇော်ထွေး
စမ်းချောင်းမြို့နယ်၊ ၀ါးခယ်မလမ်းအတွင်းရှိ တိုက်ခန်းတစ်ခုနေ လူငယ်လေးဦးကို မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် ဧပြီ ၆ ရက်တွင် ဖမ်းဆီးလိုက်သည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရေးတပ်ဖွဲ့စု (၄၁)မှ ရဲအုပ် နေလင်းထွန်းနှင့်အဖွဲ့သည် စမ်းချောင်းရဲစခန်း မယ(ပ) ၂/၂၀၁၄ မူး စိတ်ပုဒ်မ ၁၅/၁၉(က) အမှု၏ နောက်ဆက်တွဲသတင်းအရ လင်းလွန်းတောင်ရပ်ကွက်၊ ၀ါးခယ်မလမ်း၊ အခန်း အမှတ် (၁၅) သို့ ဧပြီ ၅ ရက် ည ၁၀ နာရီခွဲတွင် ၀င်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
မူးယစ်ရှာဖွေခွင့် ၀ရမ်းအမှတ် (၂၂/ ၂၀၁၄) ဖြင့် သွားရောက်ရှာဖွေရာတွင် နေအိမ်တံခါး ဖွင့်မပေးဘဲ နေအိမ်တွင်း ရှိနေသူ မောင်ဇော် (၂၁) နှစ်က Follow Me ခေါင်းလိမ်းဆီ အနက်ရောင်ဘူးအား လွှင့်ပစ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ကောက်ယူရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
မူးယစ်အဖွဲ့က အဆိုပါ တိုက်ခန်း တံခါးသော့အား ဖျက်၍ ၀င်ရောက် ရှာဖွေရာတွင် မနှင်းအိဖြူ (၂၀)နှစ်၊ သီဟအောင် (၂၃)နှစ်၊ မင်းမင်းဦး(ခ)ဖြိုးမင်းဦးတို့ကို ရဲဝန်ထမ်းများက တွေ့ရှိခဲ့သည်။ လွှင့်ပစ်ခဲ့သည့် ဘူး အတွင်းမှလည်း WY ဆေးပြား ၄၅ ပြား၊ အခန်းတွင်း နံရံဘောင်ရှိ ကော်ဘူးအတွင်းမှ ၁ ဒသမ ၂၉၂ ဂရမ်ရှိ ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များနှင့် မိန်းမကိုင် စလင်းဘက် အိတ်အတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် အမှုန့်များ ကပ်နေသည့် ပလပ်စတစ်အိတ် အကြည်တို့ကို သိမ်းဆည်းရမိသည်ကို ရဲဌာနက တွေ့ရှိခဲ့သည်။
ထို့နောက် မောင်ဇော်ပါလေးဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် စမ်းချောင်းရဲစခန်းက မယ(ပ)၃ /၂၀၁၄ဖြင့် အမှုဖွင့်ကာ ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က) ၂၀/(က)/၂၁ တို့ဖြင့် တရားစွဲတင်ရန် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။
No comments:
Post a Comment