Saturday, April 5, 2014

တအာင်း၌ တစ်နှစ်ကျော်အတွင်း ပေါ်တာစွဲခံရသူ နှစ်ရာကျော်ရှိ

ယုဝေ

ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသအတွင်း ဖြစ်ပွားသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအနက် ပေါ်တာ (စစ်လက်နက်နှင့်ရိက္ခာ အဓမ္မ သယ်ခိုင်းခြင်း) အဖြစ် စေခိုင်းခံရသူ ၂၁၆ ဦးရှိကာ အများဆုံးဖြစ်သည်ဟု စစ်တမ်းကောက်ယူခဲ့သည့် တအောင်း ကျောင်းသား နှင့်လူငယ်များအဖွဲ့ (TYO)မှ တွဲဖက်အထွေထွေအတွင်းရေး မှူး မိုင်မျိုးအောင်က ပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဒေသအတွင်းမှာ ပိုမိုများပြားလာပါတယ်။ စစ်တမ်းကလည်း ကျွန်တော်တို့ လက်လှမ်းမီသလောက် ကောက်ထားတဲ့ ဟာတွေပါ။ အဲ့ဒီထက်မကလည်း ရှိကောင်းရှိနိုင်ပါ တယ်”ဟု ဆက်လက် ပြောကြားသည်။

အဆိုပါစာရင်းက ပေါ်တာဆွဲခံရသူ ၂၁၆ ဦး၊ ဥပဒေမဲ့ပစ်သတ်ခံရသူ ခုနစ်ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အိုးအိမ်ပျက်စီးမှု လေးမှု၊ အဓမ္မပြုကျင့်မှု ခုနစ်မှု၊ မိုင်းနင်းမိမှုကြောင့် အသက်ဆုံးရှုံးသူ ခြောက် ဦးရှိသည်ဟု ဆိုသည်။

စစ်တမ်းကို အကြောင်းအရင်းတစ်ရပ်ရပ်ဖြင့် ကျူးလွန်ခံခဲ့ရသည်ဟူသော သတင်း ကြားသိသည်နှင့် ထို နေရာသို့သွားရောက်၍ ရရှိသည့် အချက်အလက်၊ မှတ်တမ်းဓာတ်ပုံ၊ မျက်မြင်သက်သေနှင့် ကာယကံရှင် ပြောစကားများကို သတင်းစုဆောင်းရယူခြင်း ဖြစ်သည်ဟု မိုင်မျိုးအောင်က ပြောသည်။

၎င်းက ဒေသအတွင်းတွင် အစိုးရစစ်တပ်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဓမ္မ စစ် သားစုဆောင်းခြင်းများလည်း ရှိသည်ဟု ဆိုသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်အိုက်ကျော်ကမူ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ပေါ်တာဆွဲခြင်းမရှိဟု ငြင်းဆိုသည်။

စစ်တမ်းတွင် ခြိမ်းခြောက်ခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ရိုက်နှက်ခံရသူ ဦးရေ ၃၃ ဦးနှင့် ဒေသခံပိုင်ပစ္စည်း များ အဓမ္မလုယူခံရမှုတန်ဖိုးမှာ ကျပ်သိန်း ၁,၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါဒေသအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း လေးခုနှင့် အစိုးရတပ်မတော်တို့ လှုပ်ရှားလျက် ရှိသည်။

No comments: