မိုးဇော်
မတ်လ ၂၆-၂၇ ဆူပူမှုဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ အမိန့်အရ ည (၆) နာရီ မှ နံနက် (၆) နာရီအထိ ညမထွက်ရ အမိန့်ကို ပြင်ဆင်ပြောင်းလဲပြီး ည (၉) နာရီ မှ နံနက် (၅) နာရီသို့ သတ်မှတ်လိုက်ကြောင်း ယနေ့တွင် မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။
ကြေညာချက်နှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
"ဒီနေ့ စစ်တွေမြို့ရဲ့ အခြေအနေက ပြန်ပြီးတော့ တည်ငြိမ်လာတာကို တွေ့ရတယ်။ ပြီးတော့ သင်္ကြန်လည်းနီးနေပြီဆိုတော့ ကျနော်တို့အနေနဲ့ ညမထွက်ရအချိန်ကို ပြန်ပြီးတောာ့ ပြောင်းလဲသတ်မှတ်လိုက်တာပေါ့"
ညမထွက်ရ အမိန့်ကြောင့် စစ်တွေမြို့၏ စီးပွားရေးလုပ်ငန်း အတော်များများမှာ ထိခိုက်ရကြောင်း မြို့ခံ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
" ည (၆) နာရီ အပြင် မထွက်ရတော့ဘူးဆိုတော့ ကျနော်တို့က အဲလိုအချိန်မျိုးမှာမှ Customers တွေက ရောက်လာ ကြတာလေ။ ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်တော့မှာလေ။ ချက်ပြုတ်ထားတဲ့ ဟင်းတွေ အကုန်သွန်ပစ်လိုက်ရတယ်။ ရေရှည်သာသွားမယ်ဆိုရင် ကျနော်တို့ ဆိုင်တွေ ပိတ်ရတဲ့အထိတောင် ဖြစ်သွားမယ် "
စစ်တွေမြို့ရှိ အထင်ကရ လူစည်ကားရာနေရာများတွင် တနိုင်တပိုင် ဈေးရောင်းကြသူများကလည်း " ကျမတို့က ဒီ ညနေပိုင်းကျမှသာ ဘုရားလာဖူးကြတဲ့သူတွေ ၊ အပန်းဖြေကြသူတွေအတွက် ရည်ရွယ်ပြီး ဈေးရောင်း နေကြတာဆိုတော့ ညမထွက်ရ အမိန့်ကြောင့် မိသားစုဝင်ငွေကို အကြီးအကျယ်ထိခိုက်လာတယ်။ ဒီနေ့ဖို့ အရင်းမရတော့ ဘယ်လိုလုပ်ပြီး မနက်ဖြန် ဆိုင်ဖွင့်နိုင်တော့မှာလဲ။ ကျမရဲ့ ဘေးနားက မြေပဲရောင်းတဲ့ အဒေါ်ကြီးဆိုရင် ဈေးမရောင်းတာ ဒီနေ့ဆိုရင် နှစ်ရက်တောင် ရှိပြီ " ဟု လောကာနန္ဒာဘုရားအနီး ဈေးရောင်းသူတစ်ဦးက ပြောသည်။
"မနက်ပိုင်း (၇) နာရီက စပြီးတော့မှ ဆိုက္ကားပေါ်တက်ရတယ်။ ညနေပိုင်း စောစောဝင်ရတယ်။ တစ်နေ့ တနပ် မှန်ဖို့အရေး သိပ်ပြီးမလွယ်ကူတော့ဘူး။ ကိုယ်ကသာ အငတ်ခံနိုင်ပေမယ့် သားတွေသမီးတွေ ငိုနေကြတာတွေ ဘယ်ခံစားနိုင်ပါ့မလဲ။ ကိုယ်က အိမ်ထောင်ဦးစီးဖြစ်နေတော့ ဒီလိုပဲ ရင်းနှီးတဲ့သူတွေက တစ်ယောက်ပြီးတစ်ယောက် ပိုက်ဆံလိုက်ချေးပြီးတော့မှ ဘ၀ကို ဖြေရှင်းနေရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီအမိန့်ကို လုံးဝ ရုတ်သိမ်းစေချင်တယ်" ဟု မင်းဂံရပ်ကွက်မှ ဆိုက္ကားသမား ကိုထွန်းနောင်က ၁၄၄ ၏ ရိုက်ခတ်မှုကို စိတ်နာစွာဖြင့် ပြောသည်။
ညမထွက်ရ အမိန့်သည် လူငယ်များ၏ လွတ်လပ်မှုများကို ထိခိုက်နေပြီး ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း ဆိုးကျိုးကသာ များနေကြောင်း စိတ်ပညာအကြောင်းလေ့လာနေသူ ကိုစိုးစိုးက ပြောသည်။
"ပုံမှန်အားဖြင့် ည ၁၁ နာရီ၊ ဒါမှမဟုတ် ၁၂ နာရီ ကစပြီးတော့ အိပ်စက်အနားယူသူတွေ၊ အပန်းဖြေ လမ်းလျှောက်ထွက်ရင်း သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ထိုင်လေ့ရှိသူတွေ၊ လူငယ်တွေဆိုရင်လည်း ညနေအချိန်တွေမှာ ဂစ်တာတီးရင်း စိတ်ကို လွတ်လပ်မှုတစ်ခုခုနဲ့ ဖျော်ဖြေတာတွေ။ ဒီအလေ့အကျင့်တွေကို ရုတ်တရက် တိကနဲ ဖြတ်လိုက်တော့ သူတို့တွေရဲ့ မသိစိတ်ထဲမှာ နာကျင်မှု၊ အလိုမကျမှုတွေ ဖြစ်လာကြတယ်။ ဒါတွေရဲ့ အကျိုးဆက်က ကိုယ့်ကိုကိုယ်အလိုမကျမှုတွေ၊ အလွယ်တကူ စိတ်ဖိစီးမှုတွေ၊ စကားပြောဆိုရာမှာ ဘုကန့်လန့်ဖြစ်လာတာတွေ၊ ပြီးတော့ စိတ်ရဲ့ လွတ်လပ်တဲ့ထွက်ပေါက်က မနက် ကနေ ညနေအထိ လုပ်ငန်းခွင်မှာ တောက်လျှောက်ရှိနေခဲ့ပြီးတော့၊ ညပိုင်းဆိုရင် လှုပ်ရှားပြောင်းလဲမှုမရှိတဲ့ ရုပ်သေ နေအိမ် အခန်းတွေချည်းမှာ ရှိနေတော့ ဒါဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် တော်တော်လေးကို ဆိုးကျိုးများနေတာ တွေ့ရပါလိမ့်မယ်"
ပုဒ်မ (၁၄၄) ညမထွက်ရ အမိန့်အား ရခိုင်ပြည်ရှိ မြို့နယ် (၁၁) ခုတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ပထမအပတ်မှ စတင်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်ကို တပ်မတော်မှ အုပ်ချူပ်နေခြင်းဖြစ်ကာ ယခုအချိန်ထိ ထိုအမိန့်များ ရုတ်သိမ်းမိန့် ကြေညာချက် တစုံတရာထွက်ပေါ်လာခြင်း မရှိသေးကြောင်း စစ်တွေဒေသခံ ရခိုင့်အရေးလေ့လာစောင့်ကြည့်သူ ကိုနေမင်းအောင်က ပြောသည်။
"ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ကတည်းက ရခိုင်ပြည် (၁၁) မြို့နယ်ကို ၁၄၄ တွေ ထုတ်ပြန်ခဲ့တာကိုတွေ့ရတယ်။ ဒီထဲမှာ ရခိုင် တပြည်လုံးကို ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတဲ့ ပုဒ်မ (၄၁၃) ပုဒ်မခွဲ (က) ကို ထုတ်ပြန်ခဲ့တာက ပိုပြီးတော့ပေါ့နော် ရခိုင်ပြည်ကို တပ်မတော်က အုပ်ချူပ်နေတယ်ဆိုတာ သိသာထင်ရှားစေတယ်။ ဒီအမိန့်ရဲ့ ဖွင့်ဆိုချက်က (တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရာမှာ တပ်မတော်ရဲ့ အကူ အညီကို အပြည့်အဝရယူရန် စစ်တပ်မှ အုပ်ချူပ် ပိုင်ခွင့်ရှိတယ်) ဆိုတော့ စစ်တပ်က အုပ်ချူပ်တယ်ဆိုတာ ထင်ရှားတာပေါ့။ ပြီးတော့ အဲဒီအမိန့်စာရဲ့ နောက်ဆုံးအပိုဒ်မှာ ရေးသားထားတာက "ဤအမိန့်သည် နောက်ထပ် အမိန့်တစုံ တရာ မထုတ်ပြန်မချင်း အတည်ဖြစ်ရမည်" ဆိုတာပါ။ ဒါက ဒီအမိန့်ကို မရုတ်သိမ်းသေးသမျှကာလပတ်လုံး ရခိုင်ပြည်ကို တပ်မတော်က အုပ်ချူပ်နေတာဖြစ်တယ်။ အလားတူပဲ မိတ္ထီလာဒေသမှာ ပုဒ်မ (၄၁၃)၊ ပုဒ်မခွဲ (က) ကို ထုတ်ပြန်ခဲ့ဖူးပြီး တစ်နှစ်မပြည့်ခင်မှာပဲ အဲဒီ အမိန့်ကို ရုတ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ပေးခဲ့ပါတယ်။ ဆိုတော့ ရခိုင်ပြည်ကို စစ်တပ်က အုပ်ချူပ်နေတယ်ဆိုတာ ထင်ရှားလွန်းပါတယ်။ ဒီအမိန့်ကို မိတ္ထိလာမှာ ရုတ်သိမ်းခဲ့ပြီးတော့ ရခိုင်ပြည်မှာ ဘာကြောင့် ဒီအမိန့်ကို မရုတ်သိမ်းတာလဲဆိုတာ တွေးစရာတစ်ခုပေါ့ " ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြသည်။
ယခုအခါ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ည (၉) နာရီ မှ နံနက် (၅) နာရီသို့ အစိုးရက ပြင်ဆင် ပြောင်းလဲသတ်မှတ် ပေးလိုက်သော်လည်း ထိုအမိန့်ကို လုံးဝရုတ်သိမ်းစေရန် ပြည်သူများက မျှော်လင့်နေကြကြောင်း သိရသည်။

No comments:
Post a Comment