Friday, April 11, 2014

ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ တာမွေတွင် ဖမ်းဆီးရမိ

ဇော်ဇော်ထွေး

ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို တာမွေမြို့နယ်တွင် ဧပြီ ၇ ရက်တွင် နယ်မြေခံရဲ တပ်ဖွဲ့က ဖမ်းဆီးရမိလိုက်သည်။

တာမွေရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး ကြိုတင်သတင်းအရ ည ၉ အချိန်တွင် နတ်မောက်ရပ်ကွက်၊ ဖိုးစိန် လမ်း၊ ရွှေလိပ်ပြာစားသောက်ဆိုင်ရှေ့ လမ်းမပေါ်တွင် စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် SKYLINE ကားကို ဗျိုင်းရေအိုးစင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သို့ ခေါ်ယူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယာဉ်ပေါ်တွင်ပါလာသူ နှစ်ဦးမှာ တောင်ကြီးမြို့နေ ၀င်းနိုင်(ခ)ယစ်ကဒ် (၃၈)နှစ် (ယာဉ်မောင်း)ဆိုသူနှင့် အလုံမြို့နယ်နေ မသီတာညို (၂၈)နှစ်ဆိုသူတို့ ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းတို့ နှစ်ဦးထိုင်သည့်ကြားရှိ ဂီယာတံနောက်မှာလည်း ကာလတန်ဖိုး ကျပ် ၆၁ သိန်းကျော်ဖိုးရှိ WY စာ တန်းပါ စိတ်ကြွဆေးပြား ၁၂၂၆ ပြားပါ အစိမ်းရောင် ပြောက်ကျားဘေးလွယ်အိတ်ကို သိမ်းဆည်းရမိခဲ့ သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ၀င်းနိုင်၏ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ငွေစက္ကူရောရာ ကျပ်၂၆၀,၀၀၀ နှင့် လက်ကိုင်ဖုန်း နှစ်လုံး တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ယင်းတွေ့ရှိမှုကြောင့် ၀င်းနိုင်(ခ)ယစ်ကတ်နှင့် မသီတာညိုတို့နှစ်ဦးကို အရေးယူပေးရန် ဒု-ရဲအုပ် ရန်မင်း လွင်က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မူးယစ်(ပ)၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သည့် ဆေးဝါများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ /၁၉(က)/၂၀(က)/၂၁ ဖြင့် တရားစွဲတင်ရန် ပြစ်မှုငြိစွန်းခြင်း ရှိမရှိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

No comments: