ဇော်ဇော်ထွေး
ပြည်လမ်းမတွင် မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရာ တရားမ၀င်ကျွန်းသစ်ခွဲသားများ တင်ဆောင်လာ သည့်အပြင် မော်တော်ယာဉ်မှာလည်း လိုင်စင်မဲ့ယာဉ်ဖြစ်နေသဖြင့် မရမ်းကုန်းရဲစခန်းက ဧပြီ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။
မတ်လ ၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က အထက်ပါ မော်တော်ယာဉ်ကို ပြည်လမ်းလေဆိပ်မှ (၈) မိုင်လမ်း ဆုံအထိ ဧည့်သည်တော်လမ်းကြောင်းယာဉ်ရှင်းလင်းရေး ဆောင်ရွက်သည့် ယာဉ်ထိန်းရဲမှရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်သည်။
ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံမီးပွိုင့်တွင် အင်းစိန်ဘက်မှ မြို့ထဲဘက်သို့ သန်းထွန်းဦး (၃၈)နှစ်၊ ပျဉ်းမနား မြို့နယ်နေသူ မောင်းနှင်ပြီး ကုန်သည်ဖြစ်သူ အောင်ထူး (၄၇)နှစ် လယ်ဝေးမြို့နယ်နေသူ စီးနင်းလိုက်ပါ လာသည့် ဟွန်ဒါ ODYSSEY ရှင်ဝယ်ဂွန်ခဲရောင်ယာဉ်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဖော်ပြ ထားသည်။
အဆိုပါ ယာဉ်ပေါ်တွင် ကျွန်းသားသစ်ခွဲသားဆိုဒ်စုံ ၃၇၁ ချောင်း တွေ့ရှိသဖြင့် အလုံသစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မြင့်ထံ အပ်နှံပေးခဲ့သည်။
ထို့နောက် ယာဉ်အား ဆက်လက်စစ် ဆေးခဲ့ရာ ကညနတွင် မှတ်ပုံတင်ထားကြောင်းထွက်ဆိုသော်လည်း ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာမရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်နေသည်ကို စစ်ဆေး တွေ့ရှိသည်ဟု ဆိုထားသည်။
အဆိုပါအမှုအတွက် ယာဉ်မောင်း သန်းထွန်းဦးကို အရေးယူပေးရန် ယာဉ်ထိန်းရဲအုပ်ဝင်းဌေးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မရမ်းကုန်းရဲစခန်းက (ပ)၁၀၁/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ပြစ်မှု ထင်ရှားပါက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူဆောင် ရွက်သွားမည်ဟု ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment