ABC
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့အစည်းက ကူညီထောက်ပံ့ရေး လှုပ်ရှားနိုင်မှု နည်းလာတဲ့အတွက် လူအယောက်ပေါင်း ရှစ်သိန်းလောက် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုတွေ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်က ကလေးငယ်တွေဟာ သူတို့ရဲ့ အသက်ကို ကာကွယ်ပေးနိုင်မယ့် စောင့်ရှောက်မှုတွေ မရရှိကြတော့ဘူးလို့ ဆိုပါတယ်။
မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်မှာရှိနေတဲ့ နိုင်ငံတကာက လူသားခြင်းစာနာတဲ့ အဖွဲ့အစည်းရဲ့ အမှုထမ်းတွေ တိုက်ခိုက်ခံရပြီးနောက် အမှုထမ်း အယောက် ၁၇၀ လောက် နေရာပြောင်းရွှေ့မှု လုပ်ခဲ့ရတဲ့အတွက် ခုအခါမှာ လုပ်ငန်းတွေ ဆိုင်းငံ့ထားသလို ဖြစ်နေရပါတယ်။
လူသားခြင်း စာနာရေး အကူအညီပေးရာမှာ ရခိုင် တိုင်းရင်းသား တွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အကြား ခွဲခြားဆက်ဆံမှု လုပ်တယ်ဆိုပြီး ရခိုင် တိုင်းရင်းသားတွေက မကျေမနပ် ဖြစ်ခဲ့ပြီး အခြေအနေ တင်းမာခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ တုန်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကနေ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူ လူပေါင်း တစ်သိန်း လေးသောင်းကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပြီး ဒုက္ခသည်စခန်းမှာ မနေတဲ့ ပြင်ပက လူပေါင်း ခုနှစ်သိန်းကိုလည်း စောင့်ရှောက်မှုပေးနေကြောင်း ဖော်ပြထားပါတယ်။
အစာ အဟာရ ချို့တဲ့မှုဆိုင်ရာ ရောဂါခံစားနေရတဲ့ ကလေးငယ် အယောက် ၃၀၀ လောက်ကိုလည်း ကုသမှုတွေ မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် အတွင်း နိုင်ငံတကာ အလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာဖြစ်အောင် မဖန်တီးပေးနိုင်ရင် ကလေးငယ်တွေအပါအ၀င်နဲ့ မိသားစုတွေအနေနဲ့ ပိုပြီး ဒုက္ခရောက်ရလိမ့်မယ် လို့လည်း သတိပေးထားပါတယ်။
စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် တိုက်ခိုက်ရုံတင်မက လူသားခြင်းစာနာမှု ဆိုင်ရာလုပ်ငန်းတွေကို တိုက်ခိုက်ရာရောက်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့အစည်းက Renata Dessallien က အေအက်ဖ်ပီ သတင်းကို ပြောသွားခဲ့ပါတယ်။

No comments:
Post a Comment