Sunday, April 13, 2014

ပြည်ပရင်းနှီးမြှုပ်နှံမှု သမိုင်းတစ်လျှောက် စံချိန်တင် ပမာဏရောက်

ဝင်းကိုကိုလတ်

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ယခု ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ လေးဘီ လီယံကျော်ရရှိခဲ့ ပြီး ယင်းပမာဏမှာ မြန်မာ့သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးစံချိန်ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

အဆိုပါဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင် ဦးက ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအလိုက်တွင် စင်ကာပူ နိုင်ငံက အများဆုံးဖြစ်ပြီး ကဏ္ဍအလိုက်တွင် စက်မှုကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်လုပ်ငန်းများတွင် အစဉ်လိုက် အများဆုံးဖြစ်ခဲ့သည်ဟု ပြောသည်။

၎င်းက “ရင်းနှီးမြှုပ်နှံမှုသမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်ပါပဲ” ဟု ပြောသည်။စင်ကာပူသည်ပြီးခဲ့သည့် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၄၁၈ သန်းကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခု ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ် လာ သန်းပေါင်း ၁,၅၀၀ ကျော်ရင်းနှီး မြှုပ်နှံကာ ပမာဏသုံးဆခန့်မြင့်မားလာခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့်၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁,၄၁၉ သန်းနှင့် ၂၀၁၃- ၂၀၁၄ ခုနှစ်တွင်မူ အမေရိကန်ဒေါ် လာ လေးဘီလီယံခန့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ မတ်လ ၃၁ ရက်အထိ ကန်ဒေါ်လာ သန်းပေါင်း ၄၆,၂၂၅ သန်း ကျော်ရှိပြီး တရုတ်နိုင်ငံမှ သန်းပေါင်း ၁၄,၂၃၇ သန်းဖြင့် ဦးဆောင်လျက်ရှိသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းဇယားများအရ သိရသည်။

ကဏ္ဍအလိုက်ဆိုပါကရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာသန်းပေါင်း ၁၃,၆၃၀နှင့် လျှပ်စစ် ကဏ္ဍတွင် ကန်ဒေါ်လာသန်းပေါင်း ၁၃,၂၅၄ ရင်းနှီးမြှုပ်နှံထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

စက်မှုကဏ္ဍတွင်မူ ကန်ဒေါ်လာ သန်းပေါင်း ၂,၇၈၅ စသဖြင့် ရင်းနှီးမြှုပ်နှံထားသည်ဟု အထက်ပါဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် တယ်လီကွန်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု အများဆုံးဖြစ်လာနိုင်ပြီး ကန်ဒေါ်လာ လေးဘီလီယံခန့်ဖြစ်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။

ပြည်ပပို့ကုန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဂျပန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည်ဟု သုံးသပ်သည်။

No comments: