တိမ်မြင့်မိုး (စစ်တွေ)
စစ်တွေမြို့တွင် ပြီးခဲ့သော မတ်လ ၂၆-၂၇ ရက်များတွင် သာသနာ့ အလံဖြုတ်သိမ်းခဲ့မှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံ ထားရသော ၁၁ ဦးထဲမှ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ခင်မြ၀င်းမှာ တရားရုံး၌ မစစ်ဆေးမီ အချိန်အနည်း ငယ်တွင် သတိလစ်မေ့ကာ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ နေ့လည် (၁) နာရီခန့်တွင် ရောက်ရှိလာကြောင်း သိရသည်။
ဒေါ်ခင်မြ၀င်းအား အနီးကပ်ပြုစုစောင့်ရှောက်နေသော အမျိုးသမီးတစ်ဦးက '' သူက တရားရုံးကို စစ်ဆေးခံဖို့လာတာဖြစ်ပါတယ်။ ဒါပေမယ့် မစစ်ဆေးသေးခင် အဲဒီမှာ သတိမေ့သွားတယ်။ အချိန်ကတော့ တစ်နာရီပေါ့။ ချက်ချင်းပဲ စစ်တွေဆေးရုံကြီးကို ပို့ခဲ့ပါတယ်။ ၄ နာရီလောက်မှပဲ ပြန်ပြီးသတိရလာတယ်။ သတိရလာပေမဲ့လည်း ဘာတစ်ခုမှ မမှတ်မိတော့ဘူး။ အတိတ်မေ့သလိုမျိုး ဖြစ်နေတယ်။ '' ဟု AT သို့ ပြောကြားသည်။
ဒေါ်ခင်မြ၀င်းမှာ သတိပြန်ရလာသော်လည်း သူမ၏ မိသားစု၊ ဆွေးမျိုးအသိုင်းအ၀ိုင်းအား မှတ်မိခြင်းမရှိဘဲ ကြည့်ရှုရန်ရောက်လာသော လူများကိုလည်း မောင်းထုတ်ကာ အနီးသို့ကပ်ခွင့်မပြုကြောင်း ယင်းအမျိုးသမီးကဆိုသည်။
ဒေါ်ခင်မြ၀င်း၏ အသက်မှာ ၄၃ နှစ်ဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့် ကွဲနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် ယခု သူမအား စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ အကျဉ်းသားများအား ဆေးကုသသော အချုပ်သားလူနာဆောင်တွင် ထားရှိခြင်းဖြစ်သည်။
သူမမှာ မူလက နှလုံးရောဂါအခံရှိပြီး စစ်တွေအကျဉ်းထောင်တွင် အမှောင်ခန်း၌ထားကာ ကြောက်စိတ်များ တိုးရာကနေ ဖြစ်ပွားခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကြောင့် ဖြစ်သွားသည်ဟု ယူဆရကြောင်း သူမအား ပြုစုစောင့်ရှောက်နေသော အမျိုးသမီးတစ်ဦးက AT သို့ ဆက်ပြောကြားသည်။
အရူးတပိုင်းလိုဖြစ်နေသော ဒေါ်ခင်မြ၀င်းမှာ ယခုထက်ထိ သတိပြန်မရသေးသော ဦးမောင်သိန်း၏ ညီမအရင်းဖြစ်ကြောင်း သိရသည်။
အိုင်အန်ဂျီအို၊ အန်ဂျီအိုများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးရုံသို့ရောက်ရှိနေပြီး ထိုသူတို့သည် မူလက ကျန်းမာရေးကောင်းမွန်နေ၍ အကျဉ်းထောင်ထဲရောက်မှသာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရသော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအနေဖြင့် လာရောက်ကြည့်ရှုခြင်း၊ သူတို့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင်ပြုလုပ်ပေးခြင်းမျိုး မရှိကြောင်း ဦးမောင်သိန်း၏ သားကြီးဖြစ်သူ ကိုနိုင်စိုးက ပြောကြားခဲ့သည်။

No comments:
Post a Comment