အောင်စိုး
အရေးပေါ်ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ၊ Emergency Coordination Centre ( ECC) မှ စစ်တွေမြို့နယ်အတွက် ရခိုင်လူမှုကွန်ရက် (စစ်တွေ) မှ ကိုယ်စားလှယ် (၃) ဦး ပါဝင်ရန် ကမ်းလှမ်းချက်အပေါ် ဧပြီ ၆ ရက်နေ့က စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်းတွင် ကွန်ရက်အဖွဲ့ဝင်များ၊ စစ်တွေမြို့မိမြို့ဖ များနှင့် ဒေသခံပြည်သူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို ဆွေးနွေးပွဲတွင် အများစုက ကိုယ်စားလှယ်စေလွှတ်ရေး ကန့်ကွက်ခဲ့သောကြောင့် ထပ်မံ ဆွေးနွေးရန် စီစဉ်နေကြကြောင်း ရခိုင်လူမှုကွန်ရက် (စစ်တွေ) ဆော်သြရေးအဖွဲ့ဝင် ကိုထွန်းလင်းက ပြောသည်။
" ECC မှာ ရခိုင်လူမှုကွန်ရက် (စစ်တွေ) က ကိုယ်စားလှယ် (၃) ဦး ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာ ကျနော်တို့ ဆုံးဖြတ်ချက် မကျသေးပါဘူး။ လူမှုကွန်ရက်ဝင် အများစုက သဘောမတူကြတဲ့အတွက် ကျနော်တို့ ဒီကိစ္စကို ထပ်ပြီးတော့ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ "
ECC တွင် အစိုးရဘက်မှ အရာရှိဝန်ထမ်းများနှင့် နိုင်ငံခြား လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ပြီး ဒေသခံ ရခိုင်လူမျိုးများထဲမှလည်း ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းချက်သည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ကွန်ရက်ဝင်အများစုက ထိုသို့ ကမ်းလှမ်းချက်ကို သံသယရှိနေကြကြောင်း သိရသည်။

No comments:
Post a Comment