အေအက်ဖ်ပီ
ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များ တိုက်ခိုက်ခံခဲ့ရပြီးနောက် ဘင်္ဂလီများ ရေ နှင့် ဆေးဝါးကုသမှုများ အကြီးအကျယ် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အား ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းသည် လူသားချင်းစာနာမှုကို ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှုအသွင် သက်ရောက်နိုင်သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေးကင်တားနားက ဧပြီလ ၇ရက်တွင် ကြေငြာချက်ထုတ်ပြန်သည်။
“ရိုဟင်ဂျာ(မြန်မာအစိုးရအခေါ် ဘင်္ဂလီ) အသိုင်းအဝိုင်းအပေါ် ဆန့်ကျင် ကျူးလွန်ကြသော ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းတွင် ရခိုင်ပြည်နယ်အတွင်းက လတ်တလော ဖြစ်ရပ်များသည် ယခုနောက်ဆုံး ဖြစ်ရပ်များ ဖြစ်ကြပြီး၊ လူသားချင်းစာနာမှုကို ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှုများ အသွင် သက်ရောက်နိုင်ပါသည်” ဟု ကြေညာချက်ထဲတွင် ကင်တားနားက ဆိုထားသည်။
ရခိုင်ပြည်နယ် စစ်တွေတွင် ပြီးခဲ့သည့်လ နှောင်းပိုင်းက ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှု၏ အကျိုးဆက်တစ်ခုအဖြစ် ရခိုင်ပြည်နယ် အတွင်း အကူအညီပေးနေသည့် အန်ဂျီအိုဝန်ထမ်း ၁၇၀ကျော် ပထမအကြိမ်အဖြစ် ထွက်သွားခဲ့ရသည်။ ယင်းအခြေအနေကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြင်းထန်စွာ ထိခိုက်မည်ကို စိုးရိမ်နေသည်ဟု ကြေငြာချက်တွင် ဆိုထားသည်။
မူစလင်ဒုက္ခသည်များ အများစုရှိကြသော အချို့ဒုက္ခသည် စခန်းများတွင် ရေရရှိနိုင်မှု အခြေအနေမှာ စိုးရိမ်ရသော အဆင့်သို့ တစ်ပတ်အတွင်း ရောက်သွားနိုင်သည်ဟု ကင်တားနားက ဆိုခဲ့ပြီး အကူအညီပေးရေး ဝန်ထမ်းများ၏ လုံခြုံရေး စိတ်ချ ရစေရန်အတွက် ပိုမိုဆောင်ရွက်ပေးရန်လည်း အာဏာပိုင်များကို ကင်တာနားက တိုက်တွန်းခဲ့သည်။
သန်းခေါင်စာရင်းကောက်ခံမှုနှင့် ပတ်သက်၍လည်း မြန်မာအစိုးရက ဘင်္ဂလီများအား ၎င်းတို့၏ လူမျိုး ဖြည့်သွင်းခြင်းမပြုခြင်းသည် သန်းခေါင်စာရင်းလုပ်ငန်းစဉ်၌ နိုင်ငံတကာ စံနှုန်းများနှင့် မညီဟု အဓိပ္ပါယ်သက်ရောက်နေသည်ဟု ကင်တားနားက ဆိုခဲ့သည်။
ကင်တားနားက ဘင်္ဂလီများအား စနစ်တကျခွဲခြားဆက်ဆံခြင်းနှင့် ဘေးဖယ်ပထုတ်ထားခြင်း ပြဿနာကို ဖြေရှင်းရန် မြန်မာ့အရေးနှင့် ပတ်သတ်သော သူ၏ နောက်ဆုံး အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
No comments:
Post a Comment