Wednesday, April 9, 2014

ရခိုင်မှာလုပ်ငန်းပြန်စနိုင်ဖို့ ကုလနဲ့ဒေသတွင်း တာဝန်ရှိသူတွေ တွေ့ဆံ

ABC

ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ​ကုလသမဂ္ဂလက်အောက်ခံ ​အဖွဲ့အစည်းတွေနဲ့ ​မြို့မိမြို့ဖ ​အဖွဲ့တွေတွေ့ဆုံပြီး ​နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ​လုပ်ငန်းတွေ ​ပြန်စနိုင်ဖို့ ​မကနေ့ ​ဧပြီလ ​၈ရက် ​နေ့မှာ ​ပြည်နယ်အစိုးရရုံးမှာ ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့လ ​၂၆-၂၇ရက်နေ့က ​စစ်တွေမြို့မှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ရခိုင်ပြည်နယ်အတွင်းမှာ ​အခြေ ​စိုက်တဲ့ ​နိုင်ငံတကာ ​အဖွဲ့အစည်းက ​၀န်ထမ်း ​တစ်ရာကျော် ​ထွက်ခွာခဲ့ရပြီးနောက် ​ရခိုင်ပြည်နယ် ​အတွင်းမှာ ​နိုင်ငံတကာ ​အကူအညီပေးရေး ​လုပ်ငန်းတွေ ​ပြန်လည် ​လုပ်ဆောင်နိုင်ဖို့ ​နည်းလမ်းတွေ ​ရှာကြတာဖြစ်တယ်လို့ ​စစ်တွေမြို့မိမြို့ဖတဦးဖြစ်တဲ့ဦးသန်းထွန်းက ​အခုလိုပြောပါတယ်။

“ပြည်နယ်ရုံးမှာ ​ဒီနေ့ ​NGO ​အဖွဲ့တွေနဲ့ ​တွေ့ပါတယ်၊ ​UNရယ်၊ ​ICRC ​ရယ်အတွက် ​ကျနော်တို့ ​စဉ်းစားပါတယ်၊ ​UNရယ်၊ ​ICRC ​ရယ် ​ဒီမှာပြန်ပြီးတော့ ​တကယ်ပွင့်ပွင့်လင်းလင်း ​လှုပ်ရှားနိုင်ဖို့ ​နည်းလမ်းတွေရှာကြအချိန် ​UNရယ်၊ ​ICRC ​မဟုတ်တဲ့ ​INGO ​ကိစ္စကိုလည်း ​UN ​ကတော့ ​တာဝန်ယူတဲ့အဓိပါယ်ပြောတာပေါ့နော်၊ ​ကျနော်တို့ ​အဲဒီကိစ္စကိုလည်း ​လုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်း ​ဖြည်းဖြည်းချင်းစဉ်းစားပေးမယ်လို့ ​အဲလိုမျိုးပြောပါတယ်။”

ပြီးခဲ့တဲ့လက ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​နိုင်ငံတကာ ​အဖွဲ့အစည်းက ​၀န်ထမ်းတွေက ​မြို့တွင်းက ​ငှားထားတဲ့ ​အိမ်တွေမှာ ​နေခွင့်မရတော့တဲ့ ​အတွက် ​စစ်တွေမြို့တောင်ပိုင်း ​၀န်ကြီးများ ​အိမ်ရာဘေးမှာ ​အခန်း ​၈ခန်းပေး ​ထားတဲ့အကြောင်း ​ဆွေးနွေးပွဲမှာ ​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။

ဒါပေမယ့် ​နိုင်ငံတကာ ​၀န်ထမ်းတွေအနေနဲ့ ​ထပ်မံပြီး ​အိမ်ငှား ​နေချင်သေးတယ် ​ဆိုရင်တော့ ​စစ်တွေမြို့ ​တောင်ဘက်စွန်းမှာ ​အိမ်ရှင်တွေနဲ့ ​ညှိနှိုင်းလို့ရကြောင်း ​အိမ်ရှင်တွေက ​ငှားချင်တယ် ​ဆိုရင်တော့ ​ပြည်နယ်အစိုးရနဲ့ ​ရခိုင်ဒေသခံတွေ ​အနေနဲ့ ​ကန့်ကွက်စရာ ​မရှိဘူးလို့ ​ဦးသန်းထွန်းက ​ပြောတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: