Friday, April 11, 2014

နိုင်ငံတကာ ၀န်ထမ်းတွေကို ကာကွယ် သွားမယ်လို့ မြန်မာ အစိုးရ ကတိပေး

ABC

ရခိုင်ပြည်နယ်မှာ ​လူမှုကူညီရေးလုပ်ငန်း ​လုပ်ကိုင်နေကြတဲ့ ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေရဲ့ ​၀န်ထမ်းတွေကို ​အကာကွယ်ပေးသွားမယ်လို့ ​မြန်မာအစိုးရက ​ကတိပေးလိုက်ပါတယ်။

နိုင်ငံတကာအစိုးရနဲ့ ​ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ​စိုးရိမ်မှုတွေနဲ့ ​ဖိအားပေးတောင်းဆိုမှုတွေ ​ထွက်ပေါ်လာပြီး ​နောက်ပိုင်းမှာပဲ ​မြန်မာ ​အစိုးရက ​အခုလို ​ကတိပေးကြောင်း ​ကြေညာချက် ​ထဲမှာ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

မကြာသေးခင်က ​ဗုဒ္ဓဘာသာဝင် ​အုပ်စု ​တစ်စုရဲ့ ​တိုက်ခိုက်မှုကြောင့် ​စစ်တွေမြို့မှာ ​ရှိတဲ့ ​နိုင်ငံတကာ ​၀န်ထမ်းတွေ ​ထွက်ခွာခဲ့ရတာဖြစ်ပြီး ​သူတို့ရဲ့ ​လုံခြုံရေးအတွက် ​စိုးရိမ်စရာတွေ ​ဖြစ်လာရတာဖြစ်ပါတယ်။

မတ်လကုန်ပိုင်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရရဲ့ ​ကိုင်တွယ် ​တုန့်ပြန်မှုတွေဟာ ​နှောင့်နှေးမှုတွေရှိ ​လာတယ်လို့ ​နိုင်ငံတကာနဲ့ ​ကုလသမဂ္ဂက ​ပြောပါတယ်။ ​ဒါပေမယ့် ​မြန်မာအစိုးရရဲ့ ​အခုထုတ်ပြန်မှုကို ​ကြိုဆိုကြောင်း ​ကုလသမဂ္ဂ ​ဆိုပါတယ်။

ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီးတော့ ​မြန်မာအစိုးရက ​ဖွဲ့စည်းထားတဲ့ ​စုံစမ်းစစ်ရေးအဖွဲ့ ​က ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ဆောင်ခဲ့ပြီး ​အစီရင်ခံစာ ​ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


အစီရင်ခံစာနဲ့ပတ်သက်တဲ့ ​သတင်းအပြည့်အစုံ

ပဋိပက္ခမှာ ​ပါဝင်သူတွေကို ​ထိရောက်စွာ ​အရေးယူသွားမယ်လို့ဆို

ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခမှာ ​ပါဝင်ကျူးလွန်သူတွေနဲ့ ​မမှန်မကန် ​သတင်းလွှင့်ပြီး ​စည်းရုံးလှုံ့ဆော်သူတွေကို ​ဥပဒေနဲ့အညီ ​ထိရောက်စွာ ​အရေးယူသွားမယ်လို့ ​ရခိုင်ပဋိပက္ခ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်က ​ပြောကြားလိုက်ပါတယ်။

မတ်လ ​၂၆ရက်နေ့ ​နဲ့ ​၂၇ရက်နေ့တုန်းက ​စစ်တွေမြို့ ​ဒေသခံတွေနဲ့ ​ရခိုင်ပြည်နယ်အတွင်း ​ဝင်ရောက်လုပ်ကိုင်နေတဲ့ ​နိုင်ငံတကာ ​NGO ​အဖွဲ့အစည်းတွေအကြား ​ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပြီး ​သန်းခေါင်စာရင်းကောက်ခံမှုကို ​ဆန့်ကျင်ကန့်ကွက်ရာကနေ ​စတင်ခဲ့တဲ့ ​ပဋိပက္ခဖြစ်ပါတယ်။

မနေ့တုန်းက ​ထုတ်ပြန်တဲ့ ​အစီရင်ခံစာမှာ ​ရခိုင်ပြည်နယ်အတွင်း ​ဝင်ရောက်လုပ်ကိုင်နေတဲ့ ​UN ​အပါအဝင် ​နိုင်ငံတကာ ​NGO ​တွေကို ​ပြည်နယ်အစိုးရနဲ့ ​ပြည်ထောင်စုအစိုးရတို့ ​ပူးပေါင်းပြီး ​လုံခြုံရေးပြည့်ဝစွာ ​ကာကွယ်စောင့်ရှောက်ပေးမယ့်ဆိုတဲ့အချက်တွေ၊ ​ပြည်နယ်အတွင်း ​ပဋိပက္ခတွေအပေါ်မှာ ​အရေးပေါ်အခြေအနေဆိုင်ရာ ​အထောက်အကူပြုအဖွဲ့ ​ဖွဲ့စည်းပြီး ​ဆောင်ရွက်သွားမယ်ဆိုတဲ့ ​အချက်တွေ ​အပြင် ​လူစုလူဝေးနဲ့ ​အတင်းအဓမ္မ ​ဖျက်ဆီးမှုမှာ ​ပါဝင်သူတွေနဲ့ ​စည်းရုံးလှုံ့ဆော်သူတွေကို ​အရေးယူသွားမယ်ဆိုတဲ့ ​အချက်တွေ ​ပါဝင်ပါတယ်။

ဒါ့အပြင် ​ရန်ကုန်ကို ​ပြန်လည် ​ထွက်ခွါသွားတဲ့ ​နိုင်ငံခြားသား ​ဝန်ထမ်းတွေကိုလည်း ​ဒေသတွင်း ​ပြန်လည် ​တာဝန်ထမ်းဆောင်နိုင်ဖို့ ​ကူညီသွားမယ်လို့လည်း ​ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ​အစိုးရဘက်က ​ထုတ်ပြန်တဲ့ ​အစီရင်ခံစာဟာ ​အဖြေ ​မရှိတဲ့ ​အစီရင်ခံစာ ​တစ်စောင်သာ ​ဖြစ်တယ်လို့ ​ရခိုင်တိုင်းရင်းသာ ​အရေး ​တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ​ကိုရဲမင်းဦးက ​ပြန်လည်တုန့်ပြန်ထားပါတယ်။

နိုင်ငံတကာ ​အဖွဲ့အစည်းတွေ ​အနေနဲ့ကလည်း ​သူတို့ရဲ့ ​နိုင်ငံတွင်း ​လုပ်ဆောင်မှု ​စစ်တမ်းတွေကို ​လူထုလက်ခံနိုင်အောင် ​ချပြပေးဖို့ ​လိုအပ်ကြောင်း ​ရခိုင်တိုင်းရင်းသား ​တိုးတက်ရေးပါတီ ​RNDP ​ရဲ့ ​ဥက္ကဌ ​ဒေါက်တာ ​အေးမောင်ကလည်း ​ပြောပါတယ်။

အခုအစီရင်ခံစာ ​ထုတ်ပြန်ခဲ့တဲ့ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တွေဟာ ​နိုင်ငံတော်သမ္မတရုံး ​အမိန့်နဲ့ ​မတ်လ ​၂၈ ​နေ့တုန်းက ​ဖွဲ့စည်းခဲ့တာ ​ဖြစ်ပြီး ​နယ်စပ်ရေးရာဝန်ကြီးဌာန၊ ​ဒုတိယ ​ဝန်ကြီး ​ဗိုလ်ချုပ် ​မောင်မောင်အုန်းက ​ဥက္ကဌ ​အဖြစ်ပါဝင်ကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

No comments: