Thursday, April 10, 2014

ပန်းလှိုင်ဂေါက်ကွင်း မူလမြေပိုင်ရှင် ဆိုသူများက အစိုးရထံ နစ်နာကြေးတောင်း

နန်းမြင့်

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်း မြေနေရာမူလပိုင်ရှင်ဟု ဆိုသူများက မြို့ရွာနှင့် အိုး အိမ်ဦးစီးဌာနထံမှ ၎င်းတို့၏ မြေများကို ပြန်ရလိုပြီး ပြန်မရပါက နစ်နာကြေးရလိုသည်ဟု မြေနေရာ တောင်းဆိုသည့်အဖွဲ့က ဧပြီ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

တောင်းဆိုသူများ၏ ပြောဆိုချက်များအရ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက လှိုင်သာယာမြို့နယ်ရှိ လယ်ကွင်းအမှတ် ၈၃၀၊ ၈၃၁ နှင့် ၈၃၂ တို့ကို ၁၉၉၄ ခုနှစ်တွင် သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ယင်းမြေများကို အစိုးရကပုဂ္ဂလိကသို့ရောင်းလိုက်ရာ လယ်သမားများ၏ မြေ ၆၅၂ ဧက ပါဝင်ခဲ့ သည့်အတွက် လယ်သမားများမှ နစ်နာကြေး လယ်ယာမြေမရပါက ယခု အဆိုပါနေရာတွင်တည်ရှိနေ သည့် ပန်းလှိုင်ဂေါက်ကွင်းမြေရောင်းဈေးအတိုင်း ပြန်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။

လယ်ကွင်းအမှတ် ၈၃၂ မှ လယ်သမား ဦးတင်လှိုင်က “အဲဒီအချိန်တုန်းက အိမ်၊ လယ်တွေ သိမ်းခဲ့တယ်။ ပန်းလှိုင်ဂေါက်ကွင်းမှာ ညောင်ရွာ၊ ဒိုင်စုက လယ်မြေတွေ ရှိသလို၊ ရွာမြေတွေလည်း ပါတယ်”ဟု ဆို သည်။

ယင်းမြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး လယ်သမား ၈၀ ဦး၏ လက်မှတ်များဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တို ဘာလ ၁၀ ရက်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တင်ပြ ခဲ့ကြသည်။ ကော်မရှင်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ပန်းလှိုင်ဂေါက်ကွင်းကို စစ်ဆေးခဲ့သော် လည်း ထူးခြားမှုမရှိခဲ့ပေ။

ယခုဖြစ်ပွားနေသည့် ပြဿနာများ အပေါ် Serge Pun and Associates (Myanmar) Ltd မှ ဒါရိုက်တာ ဦးထွန်းထွန်းက “လယ်မြေဆုံးရှုံးတယ်ဆိုတဲ့သူတွေဟာ မြေပိုင်ဆိုင်မှု တကယ်ရှိခဲ့လို့ရှိရင် သူတို့ကို ကျွန် တော်တို့ ထောက်ခံပါတယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အကူအညီတွေလိုရင်ပေးဖို့ အဆင်သင့်ပါပဲ”ဟု ဆိုသည်။

အဆိုပါကုမ္ပဏီအနေနှင့် ပန်းလှိုင်ဂေါက်ကွင်းမြေနေရာကို အစိုးရဆီမှ တစ်ဆင့်ယူကာ လုပ်ဆောင်ခဲ့ခြင်း ဟုဆိုပြီး ယခုတောင်းဆိုနေမှုများသည် တစ်ချိန်က ပိုင်ဆိုင်ခဲ့သူသာလျှင် သက်ဆိုင်သည်ဟု ကုမ္ပဏီဘက်မှ တုံ့ပြန်သည်။

အိုးအိမ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ လယ်ကွင်းအမှတ် ၃၈၁ နှင့် ၃၈၂ မှ လယ် သမား ၅၆ ဦးကိုသာ လယ်မြေပိုင်ဆိုင်မှု အထောက်အထားများကို တရားဝင်စစ်ဆေးသွားခဲ့သည်ဟု တောင်းဆိုနေသူများက ဆိုသည်။

“အိုးအိမ်က ကွင်းအမှတ် ၃၈၀ မှာ ပါတဲ့ လယ်သမား ၂၀ ဦးကို စစ်ဖို့အပေါ်က ညွှန်ကြားချက်မပါဘူးဟု ပြောတယ်”ဟု မူလမြေပိုင်ရှင်ဟုဆိုသူ ဦးတင်လှိုင်က ပြောသည်။ ကော်မရှင်က အိုးအိမ်၊ ကုမ္ပဏီ နှင့် လယ်သမားများ အကြိမ်ကြိမ်တွေ့ဆုံပြီး ညှိနှိုင်းပေးခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဘဲ လက်ရှိတွင်လည်း ဆွေးနွေးနေဆဲဖြစ်သည်။

No comments: