Saturday, April 5, 2014

အဝေးပြေးယာဉ်ပေါ်တွင် လူမဲ့တန်ဆာအဖြစ် ပါလာသည့် စိတ်ကြွဆေးပြား ၄,၀၀၀ ကျော်ဖမ်းမိ

ဂျွန်ချစ်ငြိမ်း

လားရှိုး-ရန်ကုန် အဝေးပြေးယာဉ် တစ်စီးပေါ်တွင် လူမဲ့တန်ဆာအဖြစ် တင်လိုက်သည့် စက္ကူဂျပ်ဖာ တစ်ခု အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ကျော်ကို နောင်ချိုမြို့နယ်၊ အေးရှားဝေါလ်တိုးဂိတ် အနီးတွင် မတ်လ ၃၁ ရက်က ဖမ်းဆီးရမိလိုက်သည်။

ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်မောင်း ဦးတိုးဝင်းမောင်းနှင်သော ရာဇာထွန်း ခရီးသည်တင်ယာဉ်ကို မတ်လ ၃၁ ရက် ည ၈ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အေးရှားဝေါလ်ဂိတ်အနီးအရောက် တွင် မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်ပါဝင်သော အဖွဲ့သည် သက်သေများနှင့် အတူ သတင်းအရ ရပ်တန့်ရှာဖွေရာခဲ့ခြင်းဖြစ်သည်။

ပစ္စည်းများထားရှိသည့် ကားဝမ်းဗိုက်နေရာတွင် သီပေါမြို့ ခိုင်သပြေ၊ မစိုးဂိတ်မှ လူမဲ့ပါဆယ်ပေးပို့လာ သည့် ဂျပ်ဖာပေါ်တွင် ကိုမျိုးအောင်၊ ဖုန်းအမှတ် ၀၉၂၅၀- ----အမည်ဖြင့် (လူမဲ့/ရှင်းပြီး )ဟုရေးသား ထားသော အ၀ါရောင်ဂျပ်ဖာအား ဖွင့်ဖောက်စစ်ဆေးရာ မုန်ညင်းချဉ်များအတွင်း ရောနှောသိုဝှက်ထား သော အနက်ရောင် ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသော အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်အတွင်း wy စာတန်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၂၀၀ ပါ ၁၉ ထုပ်၊ ၁၁၀ ပြားပါ တစ်ထုတ်၊ 88,1 စာတန်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားပါ တစ်ထုပ်၊ စုစုပေါင်းဆေးပြား ၄၁၁၀ ပြား၊ (တန်ဖိုး ငွေကျပ် ၈၂၂၀,၀၀၀ )တို့အား သိမ်းဆည်းရမိခဲ့ကြောင်း နောင်ချိုမြို့မ ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထား သည်။

သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ကျရဲများက ခိုင်သပြေဂိတ်သို့ ဆက်သွယ်စုံစမ်းခဲ့ရာတွင် ၎င်းပါဆယ်ထုပ် အား သီပေါမြို့နယ်နေ မြတ်ကျော်ဆိုသူမှ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြတ် ကျော်နှင့် မျိုးအောင်တို့အား နောင်ချို မြို့မရဲစခန်း မယ(ပ)၂၆/ ၂၀၁၄၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်ကာ တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

No comments: