ABC
ဧပြီလ ၂၄ ရက်နေ့မှာကျရောက်တဲ့ ရှမ်းပြည်တပ်မတော် တည်ထောင်ခြင်း အနှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်မှာ ကျင်းပခဲ့ကြပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ ၀မ်ဟိုင်းဌာနချူပ်မှာ ကျင်းပခဲ့ပြီး ရှမ်းပြည်သမိုင်းကြောင်းကို မမေ့ကြဖို့နဲ့ ပြည်သူနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်သွားမယ့်အကြောင်း SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။
ပင်လုံစာချူပ်မှာ ကျနော်တို့ အခွင့်အရေးတွေ မရတော့ တန်တူညီမျှမှု တွေ မရတော့ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးက ဖြစ်ပေါ်လာရတယ်လေ အစတုန်းက ရှမ်းပြည်မှာ ကျနော်တို့ ရှမ်းလက်နက်ကိုင်တွေ ဟိုတစ်စု ဒီတစ်စုနဲ့ လက်နက်ကိုင်ပြီးတော့ တော်လှန်ကြတာပေါ့။ ၁၉၆၄ ဧပြီ ၂၄ ရက်မှာ ကျနော်တို့ ပြန်စုစည်းပြီးတော့ SSA ကို တည်ထောင်လိုက်တယ်လေ။
ဒီအခမ်းအနားမှာ ရှမ်းပြည်တပ်မတော်က တပ်ဖွဲ့ဝင် ၁၅၀၀ က စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့ပြီး နှစ် ၅၀ ပြည့် ဒီရွှေရတုပွဲကို ဒေသခံပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြပေမယ့် အစိုးရဖက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
ခုလောလောဆယ် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့အတွက် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးမှုတွေ လုပ်နေတာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရင်တော့ လက်နက်ကိုင်စရာ လိုတော့မှာ မဟုတ်ဘူးလို့လည်း ရှမ်းခေါင်းဆောင်တွေက ပြောသွားတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment