Saturday, April 12, 2014

စစ်တွေမှာ ညမထွက်ရအမိန့် အချိန်ပြောင်းလဲ

ABC

ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​မကြာသေးခင်က ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ထုတ်ပြန်ခဲ့တဲ့ ​ညမထွက်ရအမိန် ​ပုဒ်မ ​၁၄၄ကို ​ဧပြီလ ​၉ရက်နေ့ကစပြီး ​အချိန်လျော့ချပြီး ​ပြောင်းလဲထုတ်ပြန်လိုက် ​ပါတယ်။

ညမထွက်ရ ​အမိန့်ကို ​အချိန်ပြောင်းလဲ ​လိုက်တာနဲ့ ​ပတ်သက်လို့ ​တာဝန်ရှိတဲ့သူတွေက ​စစ်တွေမြို့မှာ ​လှည့်လည် ​ကြေညာ ​ခဲ့တာဖြစ်တယ်လို့ ​ပြည်နယ် ​လွှတ်တော် ​အမတ်တစ်ဦးဖြစ်တဲ့ ​ဦးအောင်မြကျော်က ​အခုလိုပြောပါတယ်။

“လျော့လိုက်ပါတယ်၊ ​ည ​၉နာရီကနေ ​မနက် ​၅နာရီအထိ ​၊ ​မနေ့ကနေစပါတယ် ​၉ရက်နေ့ပေါ့၊ ​တရားဝင်ကြေညာ ​ချက် ​ထုတ်ပြန် ​တာပါ၊ ​မြို့ကို ​လှည့် ​ပြီး ​လှော် ​စပီ ​ကာ ​တွေနဲ့ ​ကြေညာ ​တာ၊ ​ခုတော့ ​အကုန်လုံးက ​အေးအေး ​ဆေးဆေး ​ဆိုတော့ ​ကာဖြူးကို ​လျော့ချလိုက်တဲ့ ​သဘောမျိုးပါပဲ။” 
မတ်လ ​၂၆ ​-၂၇ ​ရက်နေ့က ​စစ်တွေမှာ ​ဖြစ်ပွား ​ခဲ့တဲ့ ​ပဋိပက္ခ ​တွေကြောင့် ​ညမထွက်ရ ​အမိန့်ကို ​ည ​၆ ​နာရီ ​ကနေ ​မနက် ​၆ ​နာရီထိ ​တိုးမြှင့် ​ခဲ့တာ ​ဖြစ်ပြီး ​အခု ​ဧပြီလ ​၉ ​ရက်နေ့ ​ကနေ ​စပြီးတော့ ​ညမထွက်ရ ​အမိန့် ​အချိန်ကို ​ည ​၉ ​နာရီကနေ ​မနက် ​၅နာရီ ​အထိ ​လျော့ချ ​လိုက်တာ ​ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ​အတွင်းမှာ ​ပြီးခဲ့တဲ့နှစ်က ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခ ​တွေကြောင့် ​မြို့နယ် ​၁၀ ​မြို့နယ်ကျော်မှာ ​ညမထွက် ​ရအမိန့်တွေ ​ထုတ်ပြန် ​ထားရဆဲဖြစ်ပြီး ​အခြေအနေ ​တည်ငြိမ်လာတဲ့ ​တချို့ဒေသတွေကို ​အခုလို ​အချိန်လျော့ချ ​ပြောင်းလဲ ​သတ်မှတ် ​လိုက်တာဖြစ်ပါတယ်။

လက်ရှိ ​အခြေအနေမှာတော့ ​ရခိုင်ပြည်နယ် ​အတွင်း ​လုံခြုံရေးကိုလည်း ​ပုံမှန်အတိုင်း ​ယူထားရဆဲ ​ဖြစ်သလို ​ဧပြီလ ​၁၀ရက်နေ့မှာ ​သန်းခေါင် ​စာရင်းကောက်ခံမှု ​ပြီးဆုံးသွားပြီ ​ဖြစ်တဲ့အတွက် ​ညမထွက်ရ ​အမိန့်ကို ​လျော့ပေါ့လိုက်တာ ​ဖြစ်နိုင်တယ်လို့လည်း ​ဦးအောင်မြကျော်က ​ပြောတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: