ဇော်ဇော်ထွေး
မြေနေရာများပြန်လည်ရရှိရေး သပိတ်စခန်းဖွင့်ဆန္ဒပြနေသည့် မိကျောင်းကန်အဖွဲ့သည် ဥပဒေကို လုံးဝ ဆန့်ကျင်သည့်အဖွဲ့ဖြစ်ပြီး အသေခံဆန္ဒပြနေလျှင်လည်း အဖြေထွက်လာနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၈ တွင် မဇ္ဈိမကို ပြောသည်။
မိကျောင်းကန်း သပိတ်စခန်းကို သင်္ကြန်ကာလအတွင်း သပိတ်စခန်းအား မည်ကဲ့သို့ဖြေရှင်း ဆောင်ရွက်သွားမည့် အစီအစဉ်ရှိမရှိ မဇ္ဈိမ၏မေးမြန်းမှုကို ၀န်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
“ဘယ်အရာမဆို တရားသေဆုပ်ကိုင်ထားရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အသေခံပြီး ဆန္ဒပြမယ်ဆိုလည်း သေသာသေသွားမယ်၊ ဘာမှ အဖြေထွက်လာမှာ မဟုတ်ပါဘူး”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။
ထို့ပြင် အဖြေတစ်ခုရရှိရန် အကျိုးအကြောင်း ခိုင်မာစွာဖြင့် တင်ပြဆွေးနွေးနိုင်ရန် လိုအပ်နေသည်ဟု ဗိုလ်မှူးကြီး တင်ဝင်းက ဝေဖန်သည်။
မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင်ဖြစ်သူ ဦးစိန်သန်းက “တပ်ချုပ်ကြီး ကိုယ်တိုင်မှားယွင်းသိမ်းတဲ့ မြေတွေကို ပြန်ပေးရမယ်။ အမိန့်တွေကို သူတို့ မလိုက်နာလို့ ပြည်သူတွေ လမ်းပေါ်ထွက်လာရတဲ့ကိစ္စပါ” ဟု တုံ့ပြန် ပြောဆိုခဲ့သည်။
တပ်မတော်မှအရာရှိက မိကျောင်းကန်မြေကို မစွန့်လွှတ်နိုင်ကြောင်းနှင့် တိုင်းအစိုးရက ကြိုးစားပေးမည်ဆိုသည့် ပြောဆိုမှုများတွင် တိကျသောအဖြေမရရှိသည့်အတွက် သပိတ်စခန်းကိုဆက်လက်ဖွင့်လှစ်၍ တိုက်ပွဲဝင် တောင်းဆိုသွားမည်ဟု ဦးစိန်သန်းက ရှင်းပြခဲ့သည်။
အဆိုပါမိကျောင်းကန်အရေးနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ် ဆေးရေး ကော်မရှင်က မြေနေရာတွင် စီမံကိန်းများ ဆောင်ရွက်ခြင်းမရှိဘဲ လစ်လပ်နေသည့်အတွက် နစ်နာသူများထံ ပြန်ပေးခြင်း၊ မြေယာ အစားထိုးပေးခြင်း၊ ကာလတန်ဖိုး ဒေသပေါက်ဈေးဖြင့် နစ်နာကြေး ပေးခြင်းစသည့် နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးသင့်ကြောင်း အစိုးရထံ အစီရင်ခံစာ တင်ပြထား သည်။
လက်ရှိတွင် မိကျောင်းကန် သပိတ်စခန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်လျက်ရှိပြီး သင်္ကြန်ကာလအတွင်း၌လည်း ပိတ်သိမ်း ခြင်းမရှိဘဲ ဖွင့်လှစ်တောင်းဆိုသွားမည်ဟု ဆိုသည်။
သင်္ဃန်းကျွန်း မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေများသိမ်းဆည်းခံရမှုတွင် မူလမြေများပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်မှုမှာ ခုနှစ်ကြိမ်ထိရှိနေပြီး သပိတ်စခန်း ဖွင့်လှစ်မှုမှာ သုံးကြိမ်မြောက် ဆက်လက်တောင်းဆို နေခြင်းလည်း ဖြစ်သည်။
မိကျောင်းကန်သပိတ်စခန်းကို မတ်လ ၃၀ ရက်နှင့် ၃၁ ရက် နံနက် ၃ နာရီခန့်က အရပ်ဝတ်ဖြင့် အနီရောင် လက်ပတ်ဝတ်ဆင် ထားသူများက နှစ်ကြိမ် တိုင်တိုင် အင်အားသုံးဖျက်သိမ်းခြင်းခံခဲ့ရသည်။
အဆိုပါ အင်အားသုံးဖယ်ရှားမှုကို ဥပဒေမဲ့ အကြမ်းဖက်ဖြေရှင်းခြင်းဖြစ်သည်ဟု မှတ်ယူပြီး ယင်းလုပ်ရပ်အား ရှုတ်ချကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းက ဧပြီလ ၂ ရက်တွင် သဘောထား ထုတ်ပြန် ကြေညာခဲ့သည်။
No comments:
Post a Comment