လှမောင် (စစ်တွေ)
ဦးမောင်သိန်း၏ လက်ရှိအခြေအနေမှာ ထူးခြားမှု ရှိမနေဘဲ သတိလစ်နေဆဲဖြစ်ကာ ရန်ကုန်မြို့သို့ တက်ရောက်ကာ ဆေးကုသမှု ခံယူလိုကြောင်း သားဖြစ်သူ ကိုနိုင်စိုးက ပြောသည်။
"အဖေ့ရဲ့ အခြေအနေက အခုအချိန်ထိ ထူးခြားမှု မရှိသေးဘူး။ သတိလစ်နေဆဲပါပဲ။ ကျနော်ကတော့ အဖေ့ကို ရန်ကုန်က ဆေးရုံတစ်ခုခုမှာ သွားပြီးတော့ ကုသပေးချင်ပါတယ်"
ဦးမောင်သိန်းမှာ ဓည၀တီရပ်ကွက် အုပ်ချူပ်ရေးမှုး၏ တိုင်ကြားချက်ဖြင့် မှားယွင်းဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အာဏာပိုင်များ၏ ရိုက်နှက်စစ်ဆေးမှုကြောင့် ယခုလို ဦးနှောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ် သော်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ၎င်းတို့နှင့် မသက်ဆိုင်သလိုမျိုးပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် ဖခင်ဖြစ်သူအား စစ်တွေဆေးရုံမှ ရန်ကုန် ပုဂ္ဂလိက ဆေးရုံတစ်ခုခုသို့ ပြောင်းရွှေ့ ကုသလိုသော်လည်း ငွေကြေးအခက်အခဲကြောင့် အကျပ်တွေ့နေရကြောင်း ကိုနိုင်စိုးက ပြောသည်။
"ခု ဆေးရုံတက် ဆေးကုသမှု ခံယူနေရတဲ့ ကျနော့်အဖေဟာ အာဏာပိုင်တွေရဲ့ မတရား ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ခုလိုမျိုး အခြေအနေရောက်နေပေမယ့် သူတို့တွေနဲ့ မသက်ဆိုင်သလိုမျိုး ပြုမှုနေကြတယ်။ ဆေးဖိုးဝါးခ ထောက်ပံ့တာတွေတောင် မရှိပါဘူး။ ကျနော့်အနေနဲ့ အဖေ့ကို စစ်တွေဆေးရုံထက် ဆေးဝါးနည်းပညာတွေကောင်းတဲ့ ရန်ကုန်မြို့ကို သွားပြီးတော့ ကုသပေးချင်ပါတယ်။ ရန်ကုန်မှာ ကုသခွင့်ရရင် အဖေ့ရဲ့ ကျန်းမာရေးအခြေအနေ အခုထက် ပိုပြီးတော့ ကောင်းလာမယ်လို့ မျှော်လင့်တယ်"
ရခိုင်အညတရသူရဲကောင်း ကိုနိုင်စိုး၏ ဖခင်ဖြစ်သူ ရခိုင်အမျိုးသားပါတီ ဗဟိုအရံကော်မတီဝင် ဦးမောင်သိန်း၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန်အတွက် ရခိုင်အမျိုးသားများအနေဖြင့် တတ်အားသရွေ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဦးမောင်သိန်း၏ မိသားစုဝင်တစ်ဦးက အကူအညီတောင်းခံ ပြောကြားသည်။

No comments:
Post a Comment