မောင်သင်တုန်း
ဆိပ်ကမ်းအာဏာပိုင်က တာဝန်ယူတည်ဆောက်မည့် သီလ၀ါဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအ တွင်း အသိမ်းယူခံထားရသည့် လယ်သမားများ တောင်းဆိုထားသည့် နစ်နာကြေးကို ပေးဆောင်ရန် သမ္မတကြီးထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး ဦးဉဏ်ထွန်းအောင်က မဇ္ဈိမကို ပြောကြားသည်။
“သမ္မတကြီးကိုလည်း တင်ပြပြီးပြီ ခွင့်ပြုလိုက်တယ်။ ဆောင်ရွက်ပေးဖို့အတွက်လည်း ညွှန်ကြားထားပြီ။ သိမ်းတာက ပို့ဆောင်ရေးကသိမ်းထားတာမဟုက်ဘူး။ အိုးအိမ်ကနေ တို့ကိုချပေးထားတာ။ လျော်ကြေး မဟုတ်ဘူး။ လယ်သမားတွေနစ်နာတဲ့အတွက် နစ်နာကြေးပြန်ပေးတာ”ဟု ဦးဉဏ်ထွန်းအောင်က ဆက် ပြောသည်။
ဂျပန်နိုင်ငံချေးငွေဖြင့် တည်ဆောက်မည့် သီလ၀ါဆိမ်ကမ်း စီမံကိန်းအတွင်း ပါဝင်သည့် သန်လျင်မြို့နယ် နှင့် ကျောက်တန်းမြို့နယ်ရှိ လယ်သမားများက ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် သုံးကြိမ်မြောက် ဆွေးနွေး ညှိနှိုင်းစဉ်က လယ်မြေတစ်ဧကလျှင် သိန်း ၇၀ ကျပ်ပေးရန် ယာယီ သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။
“ဒီတစ်ခါနောက်ဆုံးအကြိမ် ညှိနှိုင်းပြီးဆုံးဖြတ်မယ်။ ဒီလအတွင်း အပြီးဆောင်ရွက်ပေးသွားမယ်။ နောက် ဆုံး အတည်ဖြစ်သွားရင် တစ်ခါတည်း နစ်နာကြေးပေးသွားမယ်။ ဘယ်နေ့ဆိုတာ အတိအကျ မပြောနိုင် သေးဘူး။ ဒီလ လုပ်ပေးမယ် အားလုံးဖိတ်ခေါ်ပြီး ဆောင်ရွက်ပေးမယ်”ဟု ဆိပ်ကမ်းအာဏာပိုင်ရုံးမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
အမေရိကန်ဒေါ်လာ ၂၀၅ သန်း ကုန်ကျမည့် သီလ၀ါဆိပ်ကမ်းကို မြန်မာဆိပ်ကမ်းအာဏာပိုင်မှ တာဝန် ယူတည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိပေးလျော်မှုတွင် လယ်သမားစုစုပေါင်း ၁၈ ဦးရှိကာ လယ် မြေဧက ၁၀၈ ဧကအထိ ပေးလျော်ရမည် ဖြစ်သည်။ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းစတင်မည့် အကွက်အမှတ် ၂၅၊ ၂၆ နှင့် ၃၀ ရှိ လယ်ယာမြေများသာ ပေးလျော်သွားမည်ဖြစ်သည်။
“ဆိပ်ကမ်းအာဏာပိုင်က အခုချိန်ထိတော့ မဆက်သွယ်သေးဘူး။ ရေလုပ်သားတွေအတွက်တော့ ဝေမာ စင်ကာပူကုမ္ပဏီက နှစ်ကြိမ် ညှိနှိုင်းထားတယ်။ အိမ်ဆောက်ပေးမယ်။ အလုပ်အကိုင်ပေးမယ်ဆိုပြီး သဘောတူထားတယ်”ဟု လယ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ အလွမ်းဆွတ်ကျေးရွာနေ ဦးတင်အုန်း က မဇ္ဈိမကို ပြောသည်။
ကျပ်သိန်း ၇၀ လျော်ကြေးငွေပေးလျှင် အခြား မည်သည့်နစ်နာကြေးမှ မပါဝင်ဘဲ လယ်သမားများ အသိမ်း ခံခဲ့ရသည့် လယ်မြေဧက အလိုက် လျော်ကြေးငွေများ ပေးသွားမည်ဟု ယာယီအဖြစ် ၂၀၁၃ ခုနှစ် ဒီဇင် ဘာ ၁၁ ရက်တွင် သဘောတူထားသည်။
No comments:
Post a Comment