Friday, April 11, 2014

ထောင်ချခံရသည့် DVB သတင်းထောက် လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်

နန်းလွင်နှင်းပွင့်

မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချခံရသည့် Democratic Voice of Burma (DVB)မှ နယ်သတင်းထောက် ကိုဇော်သက်ဖေ (ခ) သူရသက်တင်ကို ပြန်လည်လွတ်မြောက်ရန် ရည်ရွယ်ကာ DVB မှ သတင်းထောက်များ ဦးဆောင်၍ ရန်ကုန်မြို့၊ ဆူးလေဘုရားတွင် ဧပြီလ ၁၀ရက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ဆုတောင်းပွဲပါ သတင်းထောက်များက “ ပြန်လည်လွတ်မြောက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ရတာပါ၊ ဒါက မတရားတဲ့ အမှုပဲ၊ တကယ်တမ်း ပြစ်ဒဏ်ချမယ် ဆိုရင်လည်း မီဒီယာဥပဒေနဲ့ပဲ လုပ်ဆောင်သင့်တယ်”ဟု ပြောကြသည်။

DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးဌာနက တရားလိုပြုကာ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုဝင်းမြင့်လှိုင်ကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သတင်းထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းသည် ဒီမိုကရေစီလမ်းစဉ်သို့ သွားနေသည့် ကာလ အပြောင်းအလဲတွင် သတင်းလွတ်လပ်ခွင့်ကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ပြီး ပြည်သူများသိရှိရမည့် သတင်းအချက်အလက်များကို ထိပါးသည်ဟု မြန်မာဂျာနယ်လစ်ကွန်ယက် MJN က ဧပြီလ ၉ရက်တွင် သတင်းထုတ်ပြန်ထားသည်။

"အစိုးရရုံးအဆောက်အဦးကို ကျူးကျော်ဝင်ရောက်မှု ၀တ္တရားနှောင့်ယှက်မှု မဟုတ်ဘူး၊ ဒါက အများနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက် ရယူခွင့်အပေါ် ခြိမ်းခြောက်ခံရတဲ့ကိစ္စပါ" ဟု မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)က ဆိုထားသည်။

DVBသတင်းထောက်အား ထောင်ချခဲ့သည့် အမှုသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သဖြင့် အပြင်းအထန် ကန့်ကွက်သည်ဟုလည်း MJNက ဆိုသည်။

၂၀၁၄ ခုနှစ် ၊မတ်လ ၁၄ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေ အခန်း(၃)၊ အပိုဒ်ခွဲ ၄(ခ)တွင် နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့် အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်ရှိသည်ဟု ဖော်ထားထားသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းမှ သတင်းသမားများ အနေဖြင့် မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး ငြိမ်းချမ်းရေး တည်ဆောက်ရေးများတွင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနေသဖြင့် ပြစ်ဒဏ်အား သက်ညှာစွာ ပြန်လည်စဉ်းစားပေးနိုင်ရန် မေတ္တာရပ်ခံခြင်း သတင်းထုတ်ပြန်ချက် အမှတ် ၃/၂၀၁၄ကို ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ကြေငြာထားသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း Eleven Media Group မှ အမျိုးသမီး သတင်းထာက်တစ်ဦး ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆို ခံရပြီး ထောင်ဒဏ် (၃)လ ချမှတ်ခံခဲ့ရသည်။

မီဒီယာလွတ်မြောက်ခွင့် ရရှိရေးအတွက် သင်္ကြန်ပြီးသည့် ကာလတွင် မြန်မာမီဒီယာ ၀ိုင်းတော်သားများ စုပေါင်းကာ နေပြည်တော်သို့ သွားရောက်ကာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်မည်ဟု MJN အမှုဆောင်များက ပြောသည်။

No comments: