Sunday, April 13, 2014

DVB သတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရန် မန္တလေး သတင်းထောက်များ ဆုတောင်းစာ ဝေငှ

အောင်ကိုဦး

DVB (Democratic Voice of Burma) သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)ကို မကွေးမြို့နယ် တရားရုံးမှ ထောင်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချလိုက်ခြင်းကြောင့် မန္တလေးအခြေစိုက် သတင်းသမားများက ဧပြီလ ၁၁ရက် နေ့လည် ၁ နာရီက မန္တလေးမြို့အတွင်း လူစည်ကားရာ နေရာများတွင် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ရန် ဆုတောင်းစာနှင့် DVBသတင်းဌာန၏ ထုတ်ပြန်ချက်ကို လိုက်လံဝေငှခဲ့ကြသည်။

ကိုဇော်ဖေ လွတ်မြောက်ရန်အတွက် မန္တလေး အခြေစိုက်သတင်းထောက်များမှ သက်ဆိုင်ရာသို့ တောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆုတောင်းမှုများလည်းနေ့စဉ် လုပ်ဆောင်သွားမည် ဟု MNTV သတင်းထောက် ကိုမင်းမင်းလတ် က ပြောကြားသည်။

ကိုဇော်ဖေ(သူရသက်တင်)ကို ဧပြီလ ၇ရက်က ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈၊ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃တို့ဖြင့် မကွေးမြို့နယ် တရားရုံးက ထောင်တစ်နှစ် ကျခံရန် အမိန့်ချမှတ်လိုက်သည်။

DVBသတင်းထောက်အား ထောင်ဒဏ်ကျခံရန် အမိန့်ချမှတ်ခြင်းကြောင့် ဧပြီလ ၁၀ရက်ကလည်း ရန်ကုန်မြို့ ဆူးလေဘုရားတွင် DVB သတင်းထောက်များက ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။

ယင်းအပြင် ဧပြီလ ၉ရက်ကလည်း မြန်မာဂျာနယ်လစ်ကွန်ယက်က ကိုဇော်ဖေ(သူရသက်တင်) ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ကို တားမြစ်ပိတ်ပင်မှုကို ထိပါးသည်ဟုဆိုကာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း Eleven Media Group မှ အမျိုးသမီး သတင်းထောက်တစ်ဦး ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆို ခံရပြီး ထောင်ဒဏ် (၃)လ ချမှတ်ခံခဲ့ရသည်။

မီဒီယာလွတ်မြောက်ခွင့် ရရှိရေးအတွက် သင်္ကြန်ပြီးသည့် ကာလတွင် မြန်မာမီဒီယာ ၀ိုင်းတော်သားများ စုပေါင်းကာ နေပြည်တော်သို့ သွားရောက်ကာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်မည်ဟု MJN အမှုဆောင်များက ပြောသည်။

No comments: