Tuesday, April 8, 2014

သီလဝါ မြေသိမ်းခံ တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် JICA နှင့် တွေ့ခွင့်တောင်း

ဝေမာသိမ့်

သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းအတွက် မကြာခင်ရွှေ့ပြောင်းရမည့် အိမ်ထောင်စု ၁၀၀၀ကျော် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ပထမအဆင့် ရွှေ့ပြောင်းခံ အိမ်ထောင်စုများ၏ အခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ ကိုယ်စားလှယ်များက ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်အေဂျင်စီ(JICA)နှင့် တွေ့ဆုံခွင့်ပြုရန် ဧပြီလ ၇ ရက်က တောင်းဆိုလိုက်သည်ဟု သီလဝါဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုယ်စားလှယ် ဦးမြလှိုင်က မဇ္ဈိမကိုပြောသည်။

အဆိုပါတောင်းဆိုချက်အတွက် ဧပြီ ၂၀တွင် တွေ့ဆုံနိုင်ရန် အကြောင်းပြန်စေလိုပြီး ထိုသို့ တွေ့ဆုံဆွေးနွေးမှု မပြုပါက ဥပဒေဘောင် အတွင်းမှ တဆင့် စီမံကိန်းရပ်ဆိုင်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးမြလှိုင်ကဆိုသည်။

ပထမအဆင့်စီမံကိန်းမှ ပြောင်းရွှေ့အိမ်ထောင်စု ၆၈စုတွင် ထက်ဝက်ကျော်မှာ ပြန်လည်နေရာချ ထားသည့်နေရာတွင် စားဝတ်နေရေးနှင့် သက်မွေးဝမ်းကြောင်းမှုပြုရန် အခက်အခဲများ စွာရှိသည့် အတွက် အိမ်များပေါင်နှံ ရောင်းချထားရသည်ဟု ဦးမြလှိုင်ကဆိုသည်။

၂၀၁၃ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ တွင် JICAနှင့် ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံပြီး ဒေသခံတို့၏ စိုးရိမ်ပူပန်မှုများကို အသိပေးခဲ့ပြီး ဒေသခံများ၏ တောင်းဆိုချက်များကိုလည်း ပေးအပ်ခဲ့သည်။ ထိုသို့ပင် JICAသို့ ၃ ကြိမ်တိုင်တိုင် စာရေးသား ပေးပို့ခဲ့သော်လည်း JICAဘက်မှ မည်သည့် တုန့်ပြန်မှုမှ မရရှိခဲ့ခြင်းကြောင့် တွေ့ဆုံခွင့်တောင်းခံလွှာဖြင့် ထပ်မံတောင်းဆိုရခြင်း ဖြစ်သည်ဟု ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့သည့် သီလ၀ါဒေသ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုယ်စားလှယ် ဦးမြလှိုင်က ဆိုသည်။

JICAမှ ငွေကြေးအထောက်အပံ့ပေးမည့် စီမံကိန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများအား တင်ပြခွင့်ရရန် ပဉ္စမအကြိမ်မြောက် တောင်းဆိုခြင်းလည်းဖြစ်သည်။

No comments: