ABC
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်ခေါင်း ဆောင်တွေရဲ့ ဆွေးနွေးပွဲဟာ မပြီးပြတ်သေးပဲ ဒီကနေ့ ဧပြီလ ၈ရက်နေ့အထိ ဆက်လက်ဆွေးနွေးရမယ်လို့ သိရပါတယ်။
ဒီမူကြမ်း တစ်ခု ထွက်လာဖို့အတွက် ဧပြီလ ၅ရက်နေ့ ကတည်းက ဆွေးနွေးပွဲ စတင်ခဲ့တာဖြစ်ပြီး အစက နှစ်ရက်လောက်ပဲ အချိန်ယူရမယ်လို့ ခန့်မှန်း ထားကြပေမယ့် ဒီကနေ့ နဲ့ဆိုရင် ဆွေးနွေးပွဲဟာ ၄ ရက်မြောက်နေ့ ရှိပြီဖြစ်ပါတယ်။
ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပပြုလုပ်နေတဲ့ နှစ်ဘက်သဘောတူ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း တစောင်ရရှိရေး အတွက် အစိုးရငြိမ်းချမ်း ရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားတွေဘက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ် အဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ တက်ရောက် ဆွေးနွေးနေကြ တာဖြစ်ပါတယ်။
ဧပြီလ ၇ရက်နေ့ ဆွေးနွေးပွဲကနေ ရရှိခဲ့တဲ့ အချက်အလက်တွေ နဲ့ပတ်သက်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကရင်အမျိုးသား အစည်းအရုံးက ကေအန်ယူ အတွင်း ရေးမှူးပဒိုစောကွယ်ထူးဝင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။
“ဒီနေ့ကတော့ ကျနော်တို့တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ single text ကို ကျနော်တို့ဆွေးနွေးတယ်၊ ကျနော်တို့ရရှိလာတဲ့သဘောတူညီချက်၊ ထည့်ဆွေးနွေးရမယ့်အချက်တွေကို ကျနော်တို့ရှင်းပြတဲ့သဘောပါ၊ တချို့တော့ သဘောတူညီချက်တွေရတယ်၊ single text တွေကျတော့ တိုင်းရင်းသားတွေဘက်ကပြင်ဆင်တဲ့ single text မူနဲ့ အစိုးရဘက်က ပြင်ဆင်တဲ့ single text မူကို ၂ခုယှဉ်ပြီးတော့ တူတဲ့ဟာကို ရေးလိုက်တယ်၊ မတူတဲ့ဟာကို ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့သဘောတူထားတယ်။”
အခန်း ၇ခန်း ဆွေးနွေးဖို့ သဘောတူညီ ထားတဲ့ အထဲက အခန်း ၅ခန်းထိသာ ပြီးသေးတဲ့ အတွက် ဆက်လက် ဆွေးနွေးနေရ တာဖြစ်တယ်လို့ ပဒိုစော ကွယ်ထူးဝင်းက အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့ မနက်ဖြန်ဆက်ပြီးဆွေးနွေးဖို့တော့ သဘောထားရှိတယ်၊ အခန်း ၇ခန်းရှိတဲ့အထဲမှာ အခန်း ၅ခန်းအထိတော့ ပြီးသွားပြီလို့ ပြောလို့ရပါတယ်၊ မနက်ဖြန်ဆိုရင်တော့ ကျနော်တို့သဘောတူညီထားတဲ့အခန်း ၇ခန်းကို ပြီးအောင်တော့ ဆွေးနွေးသွားဖို့အတွက် သဘောထားရှိပါတယ်။”
ဒီကနေ့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကနေ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း တစောင်ရရှိတဲ့အထိ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေကြား ဆွေးနွေးချက်တွေ၊ သဘောတူညီချက်တွေ ရရှိနိုင်မယ်လို့ မျှော်လင့်နေပြီး နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့တွေရဲ့ သဘော တူညီချက်တွေ ကိုလည်း တရားဝင် ထုတ်ပြန်နိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment