ယုဝေ
အစိုးရဘက်မှ ထောက်ပံ့ပေးသော ကျပ်ငွေ သိန်း ၅,၀၀၀ ဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ် မဟာ(၇)က ဦးစီးကာ တန်းဖိုးနည်းအိမ်ရာ အလုံး ၁၀၀ ကို ၎င်းတို့ ထိန်းချုပ်ဒေသများတွင် ဆောက်လုပ် ပေးပြီး နေအိမ်မရှိသူများကို အခမဲ့ပေးသွားမည်ဟု တပ်မဟာ(၇) စီးပွားရေး တာဝန်ခံစောမိုးဇက်က ပြောသည်။
အဆိုပါ တန်းဖိုးနည်းအိမ်ရာများတွင် ဒုက္ခသည်စခန်းများရှိ ကေအင်န်ယူတပ်ဖွဲ့ဝင် မိသားစုများ၊ ကိုယ် လက်အင်္ဂါချို့ယွင်းသူများကို ဦးစားပေးနေရာချထားပေးရန် ကရင်ဒုက္ခသည်ကော်မတီ (KRC) က ရွေးချယ် သွားမည် ဖြစ်သည်။
“ကျွန်တော်တိုက အဲဒီအိမ်တွေကို ပေးရောင်းတာ မဟုတ်ပါဘူး။ မရှိတဲ့သူတွေကို နေခိုင်းမှာပါ” ဟု စောမိုးဇက်က ပြောသည်။
တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရန် မြန်မာအစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ကျပ်ငွေသိန်း ၅,၀၀၀ ချထားပေးပြီး နေအိမ်တစ်လုံးလျှင် ကျပ်ငွေသိန်း ၅၀ တန်ဖိုးရှိသည့် အိမ်အလုံး ၁၀၀ ဆောက်လုပ် သွားမည် ဖြစ်သည်။ ကေအင်န်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေများဖြစ်သည့် မှော်ဖိုးကေဒေသတွင် အိမ်အလုံး ၅၀ နှင့် မဲသရစ်ဒေသတွင် အိမ်အလုံး ၅၀ ဆောက်လုပ်မည် ဖြစ်သည်။
အိမ်များမှာ အုတ်ဖိနပ်ပါရှိသည့် ပျဉ်ထောင်သွပ်မိုး အိမ်အမျိုးအစားဖြစ်ပြီး လူဦးရေ ခြောက်ဦးခန့် နေထိုင် နိုင်မည် ဖြစ်သည်။
တန်းဖိုးနည်းအိမ်များကို ဧပြီလ ၁ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး မေလကုန်တွင် လုပ်ငန်းများ အပြီးသတ်နိုင်ရန် လျာထားသည်ဟု စောမိုးဇက်က ဆိုသည်။
“ကျွန်တော်တို့ စစ်သားတွေကလည်း ပညာရှင်မဟုတ်တဲ့အတွက် လက်သမား အယောက် ၈၀ လောက် ငှားရပါတယ်။ မတ်လကုန်ကို အလုံး ၁၀၀ လုံး အပြီးသတ် ဆောက်လုပ်သွားမှာပါ” ဟု ပြောသည်။ ပေ ၁၀၀ x ၂၀၀ မြေကွက်များပေါ်တွင် အိမ်အကျယ် ၁၉ ပေ x ၂၇ ပေအကျယ်ရှိ တန်ဖိုးနည်းအိမ် တစ်လုံးစီ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ တန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်သူများ သုံးရန် သောင်ရင်း မြစ်ရေ ရရှိမည်ဖြစ်ပြီး လျှပ်စစ်မီးကိုမူ ၂၀၁၅ ခုနှစ်တွင် ကေအင်န်ယူမှ စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်သည်။
No comments:
Post a Comment