Friday, April 4, 2014

လွှတ်တော်ကိုယ်စားလှယ်သုံးဦး နုတ်ထွက်သွားခြင်း SNDP ကို အကြောင်းကြားခြင်းမရှိဟု ဆို

ဂျွန်ချစ်ငြိမ်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သုံးဦး မတ်လ၂၇ ရက်က နုတ်ထွက်လိုက်ခြင်းတွင် ပါတီသို့ အသိပေး အကြောင်းကြားမှု မလုံးဝမရှိကြောင်း SNDP ကော် မတီဝင်၊ ရှမ်းပြည်နယ် လမ်းပန်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက ပြောဆိုလိုက်သည်။

မိုင်းတုံ၊ မိုင်းရယ်၊ ကျောက်မဲ မဲဆန္ဒနယ်များမှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သုံးဦး နုတ်ထွက် သွားခြင်းနှင့်ပတ်သက်ပြီး SNDP က တောင်ကြီးမြို့ရှိ ရုံးချုပ်တွင် ဧပြီလ ၁ ရက် ညနေပိုင်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တရားဝင်အကြောင်းကြားခြင်းလည်း မရှိပါဘူး။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အသိပေးခြင်းလည်းမရှိ ပါဘူး။ နုတ်ထွက်ရတဲ့အကြောင်းရင်းကိုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြ ပြောဆိုခဲ့ခြင်း မရှိ ပါဘူး”ဟု ဦးစိုင်းနော်ခမ်းက ပြောသည်။

မိုင်းတုံမြို့နယ်တွင်း ပါတီဝင် ၁,၀၀၀ ကျော် နုတ်ထွက်သွားသည်ဆိုသည့်အချက်နှင့်ပတ်သက်၍ အတည် ပြုရခြင်းမရှိသေးဘဲ အမှန်တကယ်နုတ်ထွက်သွားလျင်လည်း ပါတီနှစ်ခု ပူးပေါင်းဖို့ ဆွေးနွေးနေသည့်အတွက် SNDP အနေဖြင့် စိတ်ပူစရာလုံးဝမရှိဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သုံးဦး နုတ်ထွက်သွားသည့်နေ့သည်လည်း န၀မအကြိမ်မြောက် ပြည်နယ်လွှတ်တော် အစည်းအဝေး နားသည့်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး နုတ်ထွက်သွားခြင်း အတွက်လည်း အံ့သြမိကြောင်း ဦးစိုင်းနော်ခမ်းက ဆိုသည်။

SNDP ပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ် လမ်းပန်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက နုတ် ထွက်သွားရခြင်းနှင့်ပတ်သက်ပြီး မသိရှိကြောင်း ပြောဆိုသော်လည်း နုတ်ထွက်သွားခဲ့သည့် ကိုယ်စား လှယ်သုံးဦးစလုံးက မတ်လ၂၆ ရက်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားစာ ပေးပို့ ပြီးဖြစ်သည်ဟု နုတ်ထွက်ရသည့်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် မီဒီယာသမားများကို ပြော ဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းမောင် ပြောဆိုထားသလို ၂၀၁၅ တွင် တက္ကသိုလ်ဝင် တန်းအောင်မြင်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံနိုင်သည်ဟု SNDP ပါတီအနေဖြင့် တရား ၀င်ထုတ်ပြန်ထားခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်းအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်က သူ့ကိုကြိုက်လို့ ရွေးချယ်မည်ဆိုလျင် လက်ခံမည်ဖြစ်သည်ဟု ဦးစိုင်းနော်ခမ်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

မိုင်းတုံမြို့နယ်အတွင်း ရုံးခွဲဖွင့်ရခြင်းနှင့်ပတ်သက်ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အသိပေး အကြောင်းကြားခြင်းမရှိခဲ့ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး ပြောဆိုချက်သည်လည်း မှန် ကန်မှုမရှိဟု SNDP ပါတီမှ ရှမ်းအရှေ့အောင်နိုင်ရေးခေါင်းဆောင် ဗဟိုကော်မတီဝင် ဒေါ်နန်းငွေမြက တုံ့ ပြန်ပြောဆိုသွားသည်။

နုတ်ထွက်သွားကြသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပြောဆိုသလို ရှမ်းနှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခြင်းဆိုသည်မှာလည်း နှစ်ပါတီစလုံးက လိုလိုလားလား ဆွေးနွေးနေဆဲကာလ ဖြစ် သည့်အတွက် ပူးပေါင်းဖို့ နုတ်ထွက်သည်ဆိုလျင် မှားယွင်းသည့်ဆုံးဖြတ်ချက် ဖြစ်သည်ဟု ဦးစိုင်းနော် ခမ်းက ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုင်းစံဖေနှင့် ကျောက်မဲ မဲဆန္ဒနယ်၊ အမှတ် (၁)မှ ဦးစိုင်းသန်းမောင်တို့သည် SNDP မှ မတ်လ၂၆ ရက်က နုတ်ထွက်သွားခြင်းဖြစ်သည်။

No comments: