Tuesday, April 28, 2015

နိုင်ငံ့ဝန်ထမ်းလစာ အပြောင်းအလဲကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တအိအိတက်နေ

နိုင်နိုင်ဇော်

နိုင်ငံဝန်ထမ်း လစာ အပြောင်းအလဲကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု လက်လီအရောင်းဆိုင်များနှင့် စားသုံးသူများက ပြောသည်။

ယခုနှစ်ဘဏ္ဍာနှစ်တွင် ထပ်မံတိုးမြင့်လိုက်သည့် နိုင်ငံဝန်ထမ်းလစာ အပြောင်းအလဲများနှင့် မကြာခင် ထွက်ပေါ်လာဖွယ်ရှိသည့် အနည်းဆုံး လုပ်ခလစာ ဥပဒေ အသက်ဝင်လာနိုင်ခြင်းကြောင့် အခြေခံစားကုန်များ ထပ်မံတိုးမြင့်လာမည်ကို စိုးရိမ်နေသည်ဟု ၎င်းတို့က ပြောသည်။

“အစိုးရ အလုပ်သမားလစာ တိုးတိုင်းသာ ဆန်ဈေး၊ အသားဈေးတွေ တက်နေမယ်ဆိုရင်တော့ မတိုးတာကမှ ပိုကောင်းဦးမယ်” ဟု သမိုင်းမြို့သစ်နေ ဒေါ်ပြုံးက ပြောသည်။

နိုင်ငံ့ဝန်ထမ်းလစာ အပြောင်းလဲကြောင့် ကုန်ဈေးနှုန်း အနည်းငယ်မြင့်တက်သည်ဟု ဆိုနိုင်သော်လည်း နှစ်ကူးရုံးပိတ်ရက်များကြောင့်လည်း အခြေခံစားကုန် အပြောင်းအလဲများဖြစ်နေခြင်းဟု မရမ်းကုန်း ရပ်ကွက်ဈေး တစ်ဈေးမှ ၀က်သားသည် ဒေါ်ခင်စန်းက ဆိုသည်။

“သင်္ကြန်တွင်းနီးရင် ဈေးတက်တာက နှစ်တိုင်းဖြစ်နေတာပဲ။ လစာတိုးလို့တော့ မထင်ဘူး၊ ဟိုတစ်လလောက်က ကြက်ရောဂါဖြစ်လို့ ဝက်သားဈေးတွေ တက်သလို နှစ်ကူး ရုံးပိတ်ရက်နဲ့ ဆုံသွားလို့ပဲ ထင်တယ်။ ဒီလအစပိုင်းထဲက တစ်ပိဿာ ရှစ်ထောင်လောက် အခု ကိုးထောင်ဝန်းကျင်လောက်ပဲ ရှိတာပါ” ဟု ၎င်းက ပြောသည်။

မြန်မာလူမျိုးတို့၏ အခြေခံစားသောက်ကုန် တစ်မျိုးဖြစ်သည့် ဆန်ဈေးနှုန်းမှာ ဝန်းထမ်းလစာ မတိုးခင် အချိန်ကတည်းက မြင့်တက်နေခြင်းဖြစ်သည်ဟု ဘုရင်နောင်အခြေစိုက် ဧရာရွှေဆန်ပွဲရုံမှ ဦးကိုထွဋ်က ပြောသည်။

“ဆန်ဈေးက ဖေဖော်ဝါရီလပိုင်းလောက်က ဒီဈေးပဲ။ အခုလည်း တစ်အိတ်ကို ၇၀၀ လောက်ပဲတက်တာ။ ဒါဟာ ၂၂ ပြည် တစ်အိတ်ဈေးလေ။ တစ်ပြည် ဘယ်လောက်ကျမလဲ။ ရပ်ကွက်ထဲက လက်လီဆိုင်က တော့ နည်းနည်းတိုးရောင်းမှာပေါ့” ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ ယခု ၂၀၁၅ နှစ်စပိုင်းမှ တောက်လျှောက်တက်နေသည့် ဒေါ်လာဈေးများ ကြောင့် နိုင်ငံ့ပို့ကုန်များဖြစ်သည့် ကြက်သွန်၊ ဆန်၊ ပဲဈေးများ ပြည်ပတင်ပို့မှုအားကောင်းသကဲ့သို့ ပြည်ပ၀ယ်ယူမှုများ လည်း ရှိနေခြင်းကြောင့် ပို့ကုန်ဈေးများ မြင့်တက်နေသည်ဟု ဖြည့်စွက်ပြောသည်။

ဦးကိုထွဋ်က “ပြည်ပ အဝယ်ရှိတယ်။ ဒေါ်လာဈေးကောင်းရင် ပို့ကုန်သမားက ရသလောက် တင်မှာပဲလေ။ များများပို့လို့ ဒီမှာပစ္စည်းလက်ကျန် နည်းရင်လည်း ပြည်တွင်းဈေးက အပြောင်းအလဲတွေဖြစ်နိုင်တာပဲ။ လစာတိုးတာ တစ်ခုတည်း ကြည့်လို့မရဘူးလေ” ဟု ရှင်းပြသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၈ ဒသမ ၆ ရာခိုင်းနှုန်းအထိ မြင့်တက်နေပြီးဒေါ်လာဈေးမြင့်မားမှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အခြေခံလစာဖြစ်သည့် ကျပ် ၁၂၀,၀၀၀ မှာ ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမလဖြစ်သည့် ဧပြီလမှ စတင်ခံစားရမည်ဖြစ်သော်လည်း ပြည်တွင်း အခြေခံစားသောက်ကုန် အပြောင်းအလဲများ စတင်ခံစားနေရပြီဟု ပြန်တန်းဝင်အရာရှိငြိမ်း၏ အမျိုးသမီးဖြစ်သူ ဒေါ်ပြုံးက ပြောသည်။

No comments: