Tuesday, April 28, 2015

လောက်ကိုင် ပြန်ရောက်သည့် ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေ

နန်းဆိုင်နွမ်

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်သည့် ဒုက္ခသည်များသည် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်က စတင်ပြီး လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာကြသည့် ဒုက္ခသည်များ၏ စားဝတ်နေရေးကို အစိုးရက စီစဉ်ပေးမည်ဟု တာဝန်ယူ ခေါ်ဆောင်ခဲ့သော်လည်း ယခုအခါ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း၊ ညဘက်တွင်လည်း လက်နက်ကြီး အသံများကြားနေရသဖြင့် လုံခြုံရေး စိုးရိမ်နေရကြောင်း လောက်ကိုင်မြို့သို့ ပြန်လည်ရောက်ရှိနေသည့် ဦးကိုကိုဦး က ဧရာဝတီသို့ ပြောသည်။

ဦးကိုကိုဦးက“လောက်ကိုင်ကို ရောက်ရင် အစစအရာရာ ရေမီးအစုံ အားလုံး စီစဉ်ပေးမယ်လို့ ပြောတယ်။ လက်ရှိ အခြေ အနေ ကတော့ ကိုယ့်ဟာကို ရှာနေရတယ်။ ကျနော်တို့ စရောက်တုန်းက တည်းခိုခွင့်ပေးတဲ့ ကိုးကန့်စာသင်ကျောင်းကနေ ဒုက္ခသည် အားလုံး ဒီလ ၂၈ ရက်နေ့ အပြီးထွက်ခိုင်းပါတယ်။ မေလ ၁ ရက်ကို တရုတ်ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုပြီး ပြောပါတယ်”ဟု လည်း ပြောဆိုသည်။

ထို့အပြင် လောက်ကိုင်မြို့အတွင်းရှိ အိမ်များ ဖောက်ထွင်ခံထားရပြီး အိမ်တိုင်းနီးပါး သေနတ်ကျည်ဆန်ရာများ ရှိနေကြောင်း၊ လောက် ကိုင် ရောက်နေသူများကို ကြံခုတ်ရန် လာရောက်ခေါ်ဆောင်သော်လည်း မြေမြှုပ်မိုင်း ကြောက်ကြသဖြင့် သွားရောက် လုပ် ကိုင်ခြင်း မရှိကြောင်း၊ အိမ်များ အဖောက်ခံရသဖြင့် လျော်ကြေးငွေနှင့် နေစရာ နေရာများ ပြန်လည် စီစဉ်ပေးမည်ဟု ဆိုသော် လည်း လက်တွေ့တွင် ပြုလုပ်ပေးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

လောက်ကိုင်မြို့သို့ ပြန်ရောက်နေသည့် မနန္ဒာမြင့်အောင်ကလည်း“စားသောက်ဖို့ကတော့ လက်တလော ဆန်တအိတ်၊ ဆီတဘူး၊ ကုလားပဲ တထုပ်နဲ့ ဆားတထုပ် ပေးပါတယ်။ ဒါပေမယ့် ဆန်တွေက ရေတွေစိုပြီး ဝါနေတယ်။ စားလို့ လုံးဝအဆင်မပြေဘူး။ လားရှိုးကို ပြန်ဖို့ လုံခြုံရေး မပေးတော့ဘူး။ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာကတော့ အယောက် ၂၀ လောက် ရှိမယ်။ ကျမတို့ ပြန်ရင်လည်း ပိုက်ဆံ မရှိဘူး။ နေစရာတော့ရပြီ စားစရာကတော့ မရသေးဘူး။ ညဆိုရင် ဖယောင်းတိုင်တောင် မထွန်းရဲဘူး။ စိုးရိမ်မှုတွေရှိနေ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

လောက်ကိုင်မြို့တွင် ဒုက္ခသည်များကို ကူညီပေးနေသူ မမီးမီးက“အခုအစ်မတို့ လားရှိုးကို ပြန်လာပါပြီ။ မနက်ဖြန်ဆိုရင် ကိုးကန့် စာသင်ကျောင်းမှာ နေတဲ့သူတွေအားလုံး ဖယ်ပေးရမယ်လို့ ပြောတယ်။ မေ ၁ရက်နေ့ကျရင် ကျောင်းဖွင့်မယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ဖယ်ခိုင်းတာပါ။ လောက်ကိုင်မြို့ပေါ်မှာဆို ၄၀၀ ကျော်လောက်ပဲ ရှိသေးတယ်။ စားဝတ်နေရေးက ကိုးကန့်ကလည်း အထောက်အပံ့ ပေးတယ်။ အစိုးရကလည်း အထောက်အပံ့ပေးပါတယ်”ဟု ပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့နှင့် ၅ မိုင်ခန့်အကွာ ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန့်ရွှေနှင့် ရှီရူရာခုတ် ကျေးရွာများအနီးတွင် ဧပြီလ ၂၃ ရက်တွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်များ တည်ရှိရာ နေရာ ၃ ခုသို့ အစိုးရတပ်က ၀င်ရောက် ထိုးစစ်ဆင်သည့် တိုက်ပွဲ၌ အစိုးရတပ်မှ အများအပြား ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိကြောင်း၊ MNDAA ဘက်မှလည်း ၂ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပြသည်။

“၂၃ရက်နေ့ နောက်ပိုင်းမှာတော့ မြေပြင်တိုက်ပွဲတွေ မရှိတော့ဘူး။ ဒါပေမယ့် အစိုးရဘက်က ညတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပါပဲ။ လောက်ကိုင်နဲ့တော့ ၅မိုင်၊ ၆မိုင်လောက်ပဲ ဝေးပါတယ်။ တိုက်ပွဲအခြေအနေကတော့ အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။ လောက်ကိုင်မြို့ပေါ် ပြန်ရောက်နေတဲ့သူတွေ အတွက်တော့ စိုးရိမ်စရာ ကောင်းပါတယ်”ဟုလည်း ဦးထွန်းမြတ်လင်းက ဆို သည်။

တိုက်ပွဲများသည် ယနေ့အထိ ဖြစ်ပွားနေသည့်အပြင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒုက္ခသည် သောင်းနှင့်ချီ၍ စစ်ဘေး ရှောင်ခဲ့ရပြီး ပြည်သူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် ကွမ်းလုံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးဟော်ရှောက်ချန် က ဧရာဝတီသို့ ပြောဆိုထားသည်။

ကိုးကန့်ဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှစတင်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်သည့် MNDAA အဖွဲ့နှင့် အစိုးရ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ဒေသခံပြည်သူများသည် နီးစပ်ရာ တရုတ်နယ်စပ် တလျှောက် နှင့် ပြည်တွင်းသို့ ၀င်ရောက်၍ စစ်ဘေးခိုလှုံနေကြရခြင်း ဖြစ်သည်။

No comments: