ကျော်စိုးမိုး
ပိတောက်ပင်ပေါ်သို့တက်ပြီး ပန်းတက်ခူးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၇ ရက်၊ နံနက် ၆ နာရီ ခွဲခန့်က တောင်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့မရဲစခန်းက ရဲအရာရှိ တစ်ဦး ကပြောသည်။
ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁) ရပ်ကွက်၊ မြလေးလမ်းတွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် ကိုဝင်းကို(ခ)ဆင်ကြီးသည် အဆိုပါ မြို့ နယ်၊ (၁၂) ရပ်ကွက်၊ မေတ္တာလမ်း၊ ပဒေသာဈေးရှေ့ရှိ ပိတောက်ပင်ပေါ်သို့ တက်ပြီး ပိတောက်ပန်းခူးခဲ့သည်။
ထိုသို့ခူးနေစဉ် ပိတောက်ပင်ပေါ်တွင်ဖြတ်သန်း သွယ်တန်းထားသည့် ဓာတ်ကြိုးနှင့် ခြေထောက် ညှပ်မိပြီး ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရပ်ကွက်တွင်နေ ထိုင်သည့် အမျိုးသား တစ်ဦးက "မနက်ပိုင်း အိပ်နေတုန်း အသံတွေကြား လို့ထွက်ကြည့်တာ ပိတောက် ပင်ပေါ်က ဓာတ်ကြိုးမှာလူတစ်ယောက် တန်းလန်းကြီး ညပ်ပြီးသေနေတာပါ။ " ဟုပြောသည်။
သေဆုံးသူကိုဝင်းကို(ခ)ဆင်ကြီးသည် ဆိုက်ကားနင်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး ၎င်း၏ အလောင်းကိုမြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် တောင်ဥက္ကလာ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၅ ဖြင့်အမှုဖွင့်လှစ်စစ်ဆေးနေသည် ဟု အဆိုပါရဲစခန်းမှရဲအရာရှိတစ်ဦးကပြောသည်။
No comments:
Post a Comment