Tuesday, April 28, 2015

အလုပ်သမား ဝန်းကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကို သူရဦးရွှေမန်းထံ တိုင်တန်း

ဖနိဒါ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများခံနေရပြီး မြန်မာအလုပ်သမား ဝန်ကြီးဌာနကလည်း အကူအညီမပေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း လျစ်လျူရှုထားကြောင်း လွှတ်တော်နာယက ဦးရွှေမန်းထံသို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ဧပြီလ ၂၅ ရက်တွင် တိုင်တန်းစာ ပေးပို့လိုက်သည်။

"ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမား လေးသိန်းနီးပါး ဝင်ရောက် အလုပ်လုပ်ကိုင်လျက် ရှိကြသော်လည်း မြန်မာ အလုပ်သမား ဝန်ကြီးဌာနသည် အလုပ်သမား ကူညီစောင့်ရှောက်မှုအတွက် အစီအမံတစ်စုံတစ်ခု ယနေ့တိုင် ထိုင်းနိုင်ငံတွင် စီစဉ်ထားခြင်း မရှိသေးပါ" ဟု အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် အလုပ်သမား ခေါ်စာအတုများ ရောက်ရှိလာကြခြင်း၊ စာချုပ်ပါ စည်းကမ်းများကို ထိုင်း လုပ်ငန်းရှင်များက မလိုက်နာမှုများလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

"စာချုပ်ပါ အလုပ်မဟုတ်ခြင်း၊ ဝပ်ပါမစ်မရှိဟုဆိုကာ ထောင်ချခံရခြင်း၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်းကြောင့် ခြေလက်ပြတ်ခြင်း၊ ခါးရိုးကျိုးခြင်း၊ ဓာတ်လိုက်သေဆုံးခြင်း၊ အလုပ်မရှိခြင်း၊ နိုင်ငံကူးလက်မှတ် သိမ်းခံရခြင်း၊ တရားမဝင် အလုပ်သမားဖြစ်သွားခြင်း" စသည့် အခက်အခဲများ ကြံနေရကြောင်းလည်း ရေးသားထားသည်။

"အကျင့်ပျက် အေဂျင်ဆီတွေရဲ့ အလုပ်သမားဝန်ကြီးများကအစ လက်ရှိ ထိုင်းနိုင်ငံမှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ အလုပ်သမား သံအရာရှိအဆုံးတို့ရဲ့ လမ်းပြမှုကြောင့် သောင်းနဲ့ ချီပြီးတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဘဝပျက် ဖြစ်နေတယ်" ဟု ဦးကျော်သောင်းက မဇ္ဈိမကို ပြောသည်။

အစိုးရ အလုပ်သမား ဝန်ကြီးဌာနအပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အကူအညီမပေးဟုဆိုသည်။ "သေမှု သေခင်းများကိုပင်လျင် ထိုင်းမြန်မာသံရုံးမှ အလုပ်သမား သံအရာရှိဆိုသူများက ယနေ့တိုင် ကူညီရကောင်းမှန်း မသိသေးပါ။ အလုပ်သမားသံအရာရှိတို့သည် အခက်အခဲ ကြုံနေကြသော အလုပ်သမားများ ဖုန်းဆက်လျင်လည်း ဖုန်းမကိုင်ကြပါ" ဟု သူရဦးရွှေမန်းထံ ပေးစာတွင် ပါရှိသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်က အကျိုးဆောင် ကုမ္ပဏီ တစ်ခု၏ ပို့ဆောင်မှုဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော အလုပ်သမားများထဲမှ ဆောက်လုပ်ရေးတွင် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၂၅ ဦးခန့်သည် လက်ရှိ အလုပ်လက်မဲ့ ဖြစ်နေဆဲ ဖြစ်သည်ဟု အလုပ်သမားတစ်ဦးက ပြောသည်။

"ကားသုံးစီးနဲ့ အလုပ်သမားအကုန်လုံး ၁၅၀ ပါ။ ရောက်တုန်းက အလုပ်ကို သေမလောက် ခိုင်းပြီးတော့ တစ်မနက်ဘဲ လုပ်ခဲ့တာ အလုပ်မလိုတော့ဘူးဆိုပြီး နောက်မလုပ်ခိုင်းတော့ဘူး။ ဒီနေ့ပေးတဲ့အလုပ်က စာချုပ်ထဲမှာပါတဲ့ အလုပ်ကို ပြန်ပေးတယ်။ ဒါပေမဲ့ မိန်းကလေးတွေ မရဘူး။ မိန်းကလေးတွေ ဘာကြောင့် မရလဲဆိုတာ မပြောတတ်ပါဘူး။ အခု အလုပ်လက်မဲ့ဖြစ်နေတာ ဆောက်လုပ်ရေး သမားတွေ ၂၅ လောက်ရှိတယ်" ဟု မဇ္ဈိမကို ပြောသည်။

No comments: