Thursday, January 1, 2009

မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ

ဦးစိန်ကျော်လှိုင်


ပြည်ပရောက် ၀ရမ်းပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက်မှ တပ်ဆင်နှင့်မကင်းသည့် ၀န်ကြီးချုပ် များအဆုံး မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းခဲ့သည်။ စစ်အစိုးရနှင့် စီးပွားဖက်ပြီး ကြီးပွားခဲ့သည်။ စစ်အစိုးရအလိုကျ ပြောပေးခဲ့သည်။ စစ်အစိုးရအလိုကျ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

သို့သော် ထိုင်း အတိုက်အခံ ဒီမိုကရက်ပါတီ အာဏာရလာပြီဆိုတော့ မြန်မာစစ်အစိုးရဘက်က ဟက်ဟက်ပက်ပက်မရှိသည်ကို သတိထားမိသည်။ ထိုင်းအစိုးရသစ် သတင်းများကို မြန်မာသတင်းစာတွေမှာ မဖော်ပြ။ ၀န်ကြီးချုပ် အာဘီဆစ်ဝိဇ္ဇာဇီဝဘက်ကလည်း မြန်မာစစ်အစိုးရအပေါ် မည်သို့ဆက်ဆံမည်၊ ဒီမိုကရက်ပါတီ ၀န်ကြီးချုပ်ဟောင်း ချွမ်လိပိုင် လက်ထက်က ပေါ်လစီမျိုး ဆက်ကိုင်စွဲမလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။


ထိုင်း-မြန်မာဆက်ဆံရေးကို ခြုံကြည့်လျှင် ထိုင်းစစ်ခေါင်းဆောင်များ ဆက်တိုက်အာဏာရစဉ်ကာလက မြန်မာနိုင်ငံအပေါ် သဘောထား တင်းမာခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် ၀န်ကြီးချူပ် ချတ်တီချိုင်း၏ အရပ်သားအစိုးရ တက်လာချိန်တွင် မြန်မာကို ဈေးကွက်သစ်တခုအဖြစ် သဘောထားပြီး ချစ်ကြည်စွာ ဆက်ဆံရန် ဆုံးဖြတ်ခဲ့သည်။ နယ်စပ်မြန်မာလက်နက်ကိုင် တိုင်းရင်းသားများအပေါ် ထောက်ပံ့မှုရပ်ဆိုင်းခဲ့သည်။ မြန်မာနိုင်ငံက သစ်တွေ၊ သယံဇာတတွေ ငါးတွေထုတ်ပြီး ငွေရှာလိုသည့် ထိုင်းစီးပွားရေးသမားကြီးများက ချတ်တီချိုင်း၏သဘောထားကို ချက်ချင်းထောက်ခံခဲ့သည်။ ချတ်တီချိုင်းအစိုးရထဲမှ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ချာဗလစ်ယောင်ချိုင်ယုဆိုလျှင် ၈၈ အရေးအခင်းအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့သူ ဖြစ်လာသည်။

ထိုအချိန်က အင်ဒိုချိုင်းနားကို စစ်မြေပြင်မှ ဈေးကွက်သစ်ဖန်တီးရေး ချတ်တီချိုင်း၏ ပေါ်လစီ ကျင့်သုံးမှု အထိုက်အလျောက် အောင်မြင်ခဲ့၏။ ထိုကြောင့် မြန်မာနိုင်ငံကိုလည်း ဈေးကွက်သစ်တခုလိုသဘောထား အမြတ်ထုတ်ရန် ချတ်တီချိုင်းအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ချာဗလစ်၏ နားချမှုကြောင့် ဗိုလ်ချုပ်ကြီးစောမောင်က ဈေးကွက်စီးပွားရေးပေါ်လစီ စတင်ကျင့်သုံးသည်ဟုပင် ပညာရှင် ဒေါက်တာ ပါဗင်က ယူဆသည်။

မြန်မာစစ်အစိုးရနှင့် ယင်းသို့ ရွှေလမ်းငွေလမ်းဖောက်ပြီး မကြာခင် ၁၉၈၉ ခု အစောပိုင်းတွင် ထိုင်းနိုင်ငံ တပ်
ပြည်နယ်က မြန်မာဒုက္ခသည်များကို မြန်မာနိုင်ငံပြန်ပို့ရန် ချတ်တီချိုင်းအစိုးရက သုတ်ခြေတင် ပြင်ဆင်တော့သည်။ ချတ်တီချိုင်း၏ ဈေးကွက်သစ်ပေါ်လစီကြောင့် ထိုင်းအစိုးရ၀င်ငွေ ကောင်းခဲ့သလို နိုင်ငံရေး အာဏာကိုင်ထားသည့် ထိုင်းလုပ်ငန်းရှင်ကြီးများလည်း ရုတ်တရက် ကြီးပွားကုန်ကြသည်။

ဗိုလ်ချုပ်ကြီး ချာဗလစ် ၀န်ကြီးချုပ်ဖြစ်လာချိန်တွင်မူ ထိုင်းစီးပွားရေးသမားများ၊ အာဏာရ နိုင်ငံရေးသမားများ၊ စီးပွားလုပ်သည့် ထိုင်းစစ်အရာရှိများအတွက် ရွှေခေတ်ဟုပင် ဆိုနိုင်၏။ ချာဗလစ်အစိုးရ တနှစ်တာကာလအတွင်း န၀တပေးသည့် စီးပွားရေး လုပ်ပိုင်ခွင့်တို့ကြောင့် ထိုပုဂ္ဂိုလ်များ အကုန်လုံး နေ့ချင်းညချင်း သဌေးဖြစ်ကုန်သည်။ န၀တကို နိုင်ငံတကာက ရှုတ်ချနေသည့်ကြားကပင် မြန်မာစစ်အစိုးရအနေဖြင့် အာဏာကို ကြာကြာယူမှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ချာဗလစ်က စစ်အစိုးရကိုယ်စား နိုင်ငံတကာကို အကာအကွယ် ပေးခဲ့သည်။

၁၉၉၇ ခု အာရှငွေကြေးစီးပွားကပ်ဖြစ်အောင် မီးမွှေးခဲ့သူမှာလည်း ဗိုလ်ချုပ်ကြီး ချာဗလစ်ဟုပင် ထိုင်းပညာရှင်များက စွပ်စွဲခဲ့သည်။ ဘတ်ငွေကို တန်ဖိုးချရန် ခေါင်းမာနေသည့်အတွက် ထိုင်းစီးပွားရေးပျက်ပြီး အာရှငွေကြေးစီးပွားကပ်ဖြစ်ခဲ့သည်ဆို၏။ မကြာခင် ဗိုလ်ချုပ်ကြီး ချာဗလစ် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရပြီး ၎င်း၏ ဈေးကွက်သစ်ပေါ်လစီလည်း မြောင်းထဲရောက်သွားပြန်သည်။

ဒီမိုကရက်ပါတီခေါင်းဆောင် ချွမ်လိပိုင် အာဏာရလာချိန်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ခပ်တင်းတင်း သဘောထားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အကျိုးစီးပွားမရှိသည့် အစိုးရအဖွဲ့ဝင်များက မြန်မာနှင့် ဆက်ဆံရေးပေါ်လစီကို ပြန်သုံးသပ်ရန် တိုက်တွန်းခဲ့သည်။ ဤတွင် လက်နက်ကိုင် လူမျိုးစုများအား ထိုင်း-မြန်မာဆက်ဆံရေးမှာ ကြားခံပေါ်လစီအဖြစ် ထားရှိရေးကိစ္စ ပြန်အသက်ဝင်လာသည်။

ချွမ်လိပိုင်အစိုးရက ထိုင်းနိုင်ငံကို ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ရောက်အောင် လုပ်ပေးဖို့ အားသန်သည်။ ထို့ကြောင့် မြန်မာဒုက္ခသည်များကိုလည်း နိုင်ငံတကာ စံနှင့်အညီ ထောက်ပံ့ခဲ့သည်။ ဒီမိုကရေစီရေးကို အလေးထားသည့် ချွမ်လိပိုင်အစိုးရက မြန်မာနှင့်ဆက်ဆံရာတွင် စစ်အစိုးကို လူဆိုး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို လူကောင်းဆိုသည့် ပေါ်လစီကျင့်သုံး၏။

အချို့ကလည်း ၁၉၉၇ ခု အာရှစီးပွားကပ်ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ တင်းကျပ်သည့် ပေါ်လစီတွေက ချွမ်လိပိုင်အစိုးရကို မြန်မာနှင့်ဆက်ဆံရေး တင်းမာဖို့ ဖြစ်လာစေသည်ဟု ယူဆ၏။ ထူးခြားသည့် အချက်မှာ ဒီမိုကရက်ပါတီ အာဏာရသည့်အချိန်တိုင်း ထိုင်းစီးပွားရေး ပြုတ်ကျနေချိန်နှင့် တိုက်ဆိုင်နေခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှောင်းပိုင်း အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်ချိန် ထိုင်းစီးပွားရေးမှာ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုဒဏ် နိုင်ငံတကာချေးငွေကပ်ဆိုးကြီးဒဏ်တို့ကြောင့် အထိနာနေချိန်ဖြစ်၏။

သို့သော် မြန်မာစစ်အစိုးရနှင့် ဆက်ဆံပြီး စီးပွားကောင်းခဲ့သည့် ထိုင်းစစ်တပ်အပါအ၀င် ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် နိုင်ငံရေးထိ သြဇာပေါက်သည့် ကျောက်ပိုခေါ် ထိုင်းဂေါ့ဖားသားကြီးများကလည်း မြန်မာစစ်အစိုးရနှင့်ဆက်ဆံရေးကို ရင်းရင်းနှီးနှီးရှိရန် ချွမ်လိပိုင်အစိုးရအား ဖိအားပေး၏။

ဤတွင် မြန်မာစစ်အစိုးရအပေါ် မိတ်ဆွေလိုသဘောထားမလား၊ ရန်သူလိုသဘောထားမလား အယူအဆအ တွက် အငြင်းအခုန်ဖြစ်လာသည်။

မြန်မာနှင့်ဆက်ဆံရာတွင် ဗိုလ်ချုပ်ကြီး ချာဗလစ်ကဲ့သို့ ထိုင်းစစ်ဗိုလ်ချုပ်များ၏ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု အခြေခံဖြေရှင်းသည့်နည်းမျိုးကို ၀န်ကြီးချုပ် ချွမ်လိပိုင်က လက်မခံ။ တချိန်တည်းမှာပင် ထိုင်းနိုင်ငံရေးအား ထိုင်းစစ်တပ်သြဇာမှ ကင်းလွတ်အောင်လည်း ချွမ်လိပိုင်က အားထုတ်နေရသည့်အချိန်ဖြစ်၏။ ထိုင်းစစ်တပ်ကလည်း နိုင်ငံရေးသြဇာ ကန့်သတ်ခံရမှာ စိုးရိမ်မှု၊ မြန်မာစစ်အစိုးရထံမှ စီးပွားရေးအခွင့်အလမ်းများ လက်လွှတ်ခံရမှာ စိုးရိမ်မှုတို့ကြောင့် ချွမ်လိပိုင်အစိုးရပေါ်လစီသည် ထိုင်းပုံစံ ဆက်ဆံရေးမဟုတ်ဆိုပြီး ပြန်တိုက်၏။

ထို့ကြောင့် ချွမ်လိပိုင်လက်ထက် မြန်မာနှင့် ဆက်ဆံရေးကို ထိုင်းအရပ်သားအစိုးရနှင့် ထိုင်းစစ်တပ်ကြား နိုင်ငံရေးအာဏာ လွန်ဆွဲမှု ပဋိပက္ခတခုဟုလည်း ဆိုနိုင်သည်။

မြန်မာတိုင်းရင်းသား လက်နက်ကိုင်များအပေါ် သဘောထားပျော့ပျောင်းသည့် ချွမ်လိပိုင်အစိုးရပေါ်လစီကို မြန်မာစစ်ခေါင်းဆောင်ပိုင်းကလည်း လက်မခံ။ ထိုင်းဒီမိုကရေစီရေးကို အနောက်တိုင်းသြဇာလွှမ်းမိုးသည့် ဒီမိုကရေစီရေးဆိုပြီး မြန်မာစစ်ခေါင်းဆောင်များက စွပ်စွဲခဲ့သည်။ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ မတည်ငြိမ်အောင် လှုံ့ဆော်သည်ဆိုပြီး ထိုင်းဆန့်ကျင်ရေးလုပ်ငန်းများကို မြန်မာစစ်အစိုးရက ပြည်တွင်းမှာ ဆော်သြခဲ့သည်။ နောက်ဆုံး စစ်ရေးပဋိပက္ခတွေထိ ဖြစ်လာသည်။

၁၉၉၉ ခု အောက်တိုဘာ (၁) ရက်တွင် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့က
ဘန်ကောက် မြန်မာသံရုံးကို ၀င်စီး၏။ ချွမ်လိပိုင်အစိုးရက ကျောင်းသားများကို အရေးမယူဘဲ နယ်စပ်ပို့ပေးသည့်ကိစ္စကို ထိုင်းအစိုးရအတိုက်အခံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ သို့သော် ထိုကျောင်းသားများသည် ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူများသာဖြစ်ပြီး အကြမ်းဖက်သမားများမဟုတ်ဟု ချွမ်လိပိုင်အစိုးရက ဖြေရှင်းခဲ့သဖြင့် ထိုင်းနိုင်ငံရေးလောကထဲ အချေအတင် ဖြစ်ခဲ့ပြန်သည်။

တဖန် ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ဘုရားသခင်တပ်မတော် (God Army) ဆိုသည့် ကရင်အဖွဲ့က ထိုင်းနိုင်ငံ ရပ်ချဘူရီဆေးရုံကို ၀င်စီးရာ ထိုင်းလုံခြုံရေးအဖွဲ့များက ၀င်စီးသူအားလုံးကို သတ်ပစ်သည်။ ထိုအဖြစ်အ ပျက်တွေ ဖြစ်ပြီး မကြာခင် မြန်မာစစ်အစိုးရဘက်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေပိတ်ရုံမက မြန်မာရေပိုင်နက်မှာ ထိုင်းများ ငါးဖမ်းခွင့်လိုင်စင်တွေပါ ပိတ်လိုက်သည့်အတွက် ဘတ်ငွေ သန်းထောင်နှင့်ချီပြီး ထိုင်းဘက်က နစ်နာကုန်သည်။

တပ်ဆင် ၀န်ကြီးချုပ်ဖြစ်လာချိန်တွင်မူ ထိုင်း-မြန်မာစစ်အစိုးရ ဆက်ဆံရေး ဖြောင့်တန်းလာသည်။ မြန်မာစစ်အစိုးရလည်း တပ်ဆင်၏ ဖောက်သည်နိုင်ငံဖြစ်လာ၏။ တပ်ဆင်၏ ဆက်သွယ်ရေးဂြိုဟ်တုကို စစ်အစိုးရက သုံးရသည်။ တပ်ဆင်ရောင်းသည့် ပစ္စည်းများကို စစ်အစိုးရ ၀န်ကြီးဌာနတွေက ၀ယ်ရသည်။ နောက်ဆုံး မြန်မာစစ်အစိုးရကို တပ်ဆင်သြဇာဖြင့် ဘတ်ငွေ သန်း (၄,၀၀၀) ချေးခဲ့ရာ ယခုတိုင်ပြန်မရပေ။

အပြန်အလှန်အားဖြင့် စစ်အစိုးရ ပြောစေချင်သည့် စကားများကို တပ်ဆင်က ပြောပေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဘဲ မကြာခဏ တွေ့ပါသည်ဟု ဗိုလ်ချုပ်ခင်ညွန့်ပြောသည့်အတိုင်း တပ်ဆင်က လိမ်ပေးသည်ကို အန်အယ်လ်ဒီ ဦးလွင်က မဟုတ်ကြောင်း ငြင်းဆိုခဲ့ရဖူးသည်။

တပ်ဆင်ပြုတ်ပြီး တပ်ဆင်ငွေနှင့် ထောင်ထားသည့် People Power ပါတီခေါင်းဆောင် စမတ်ဝန်ကြီးချုပ် ဖြစ်တော့လည်း စစ်အစိုးရအလိုကျ ၂၀၁၀ ရွေးကာက်ပွဲမှာ ပါတီကြီး (၃) ခုသာပြိုင်ခွင့်ရမည်ဟု စမတ်က ပြောခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထည့်မပြောလျှင် ပိုအောင်မြင်မည်ဟု ပြောခဲ့ရုံမက မြန်မာစစ်အစိုးရ အဓမ္မအနိုင်ယူခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကိုပါ ထောက်ခံကြောင်း စမတ်က ပြောခဲ့သည်။

ထို့ကြောင့် တပ်ဆင်လက်ထက် ထိုင်း-မြန်မာစစ်အစိုးရ ဆက်ဆံရေးသည် မြန်မာစစ်အစိုးရထံမှ စီးပွားရေးရသမျှ အမြတ်ထုတ်ရေးပေါ်လစီ သက်သက်သာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးသည့်ပေါ်လစီကို အခြေမခံဟု ဆိုနိုင်၏။ တပ်ဆင်ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ် ဖြစ်ချိန်တွင် ပြည်တွင်း နိုင်ငံရေးတင်းမာနေသည့်ပြင် ၀န်ကြီးချုပ်ထိုင်စရာ ရုံးပင်မရှိတော့သည့်အတွက် မြန်မာစစ်အစိုးရ ထောက်ခံကြောင်း ပြောချိန်မရဘဲ ပြုတ်သွားရသည်။

မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာ၌ စီးပွားရေးအကျိုးအမြတ်ကို ရှေးရှုပုံခြင်း ဆင်သော်လည်း တပ်ဆင်နှင့် ချတ်တီချိုင်း ကွာခြားချက်မှာ တပ်ဆင်က မိမိပုဂ္ဂိုလ်ရေး ချမ်းသာမှုကို ပိုဦးစားပေးခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါ ထိုင်း-မြန်မာစစ်အစိုးရ အတိတ်ဆက်ဆံရေး အခြေအနေများကို ချုပ်ကြည့်လျှင် မြန်မာနိုင်ငံအား ဒီမိုကရေစီရေးကို အခြေခံပြီး ဆက်ဆံလိုသည့် ထိုင်းဒီမိုကရက်ပါတီ၏ သဘောထားကို ထောက်ခံသည့် စစ်တပ်အင်အားစု၊ ထိုင်းနိုင်ငံရေးအင်အားစု၊ စီးပွားရေးအင်အားစုများ နည်းနေသည်မှာ ထင်ရှားသည်။

ထိုင်းနိုင်ငံရေးမှာ သြဇာရှိသည့် စီးပွားရေးအသိုင်းအ၀ိုင်းကလည်း မြန်မာစစ်အစိုးရနှင့် အပေါ်ယံ ရင်းနှီးမှုပြပြီး စီးပွားရေးအမြတ်ထုတ်သည့် ပေါ်လစီကိုသာ ဆက်လက် ကျင့်သုံးလိုသည်မှာ သိသာသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းကာလအတွင်း မြန်မာစစ်အစိုးရက နယ်စပ်ဂိတ်များ မပိတ်သည်ကို ထိုအချိန် ထိုင်းအစိုးရက ကျေးဇူးတင်နေသည်။ နယ်စပ်ဂိတ်များ မပိတ်ရေးသည်သာလျှင် ဦးစားပေးပေါ်လစီဖြစ်ကြောင်း ထိုစဉ်ကာလ ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ပြောခဲ့ကြောင်း The Nation သတင်းစာက ထောက်ပြခဲ့သည်။

လောလောဆယ် ၀န်ကြီးချုပ် အာဘီဆစ်အစိုးရ တက်ချိန်တွင်မူ ထိုင်းနိုင်ငံ (၂) ခြမ်းကွဲပြီး ထိုင်းဒီမိုကရေစီရေး ယိုင်နဲ့နေချိန်နှင့် တိုက်ဆိုင်နေသည်။ တပ်ဆင်အစိုးရလက်ထက် အဂတိလိုက်စားမှုများကြောင့် အနောက်တိုင်း ဒီမိုကရေစီရေးသည် ထိုင်းနိုင်ငံနှင့်မကိုက်ညီဆိုပြီး ပီအေဒီ တပ်ဆင်ဆန့်ကျင်ရေးအဖွဲ့က ဆော်သြနေချိန်လည်း ဖြစ်၏။ တချိန်က ချွမ်လိပိုင်၏ မြန်မာစစ်အစိုးရနှင့် ခပ်တင်းတင်းဆက်ဆံရေးမူကို မကြိုက်သည့် ထိုင်းစစ်တပ်ကို လည်း ဒီမိုကရက်ပါတီ အာဏာရဖို့အတွက် ပင်းပေးသည်ဟု တပ်ဆင်ထောက်ခံသည့်အုပ်စုများက စွပ်စွဲနေချိန်ဖြစ်သည်။

ထို့ကြောင့် အာဘီဆစ်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာ၌ ချွမ်လိပိုင်လက်ထက်ကလို ဗိုလ်ချုပ်ခင်ညွန့်က လူဆိုး၊ ဒေါ်အောင်ဆန်းစုကြည်က လူကောင်းဆိုသည့် ပေါ်လစီမျိုးဆက်ကိုင်ပြီး နယ်စပ် မြန်မာလက်နက်ကိုင် တိုင်းရင်းသားများအပေါ် သဘောထားပျော့ပျောင်းမှုဖြင့် ဆက်ဆံနိုင်ပါ့မလားဆိုသည်မှာ အတတ်ပြောဖို့ ခက်နေသည်။

ဒီမိုကရေစီရေးဘက်မဲတင်းပြီး မြန်မာစစ်အစိုးရနှင့်ဆက်ဆံလျှင် ထိုင်းစီးပွားရေးအုပ်စုကြီးများ၊ သြဇာရှိ ကျောက်ပိုကြီးများက ဖိအားပေးတော့မည်။ မြန်မာစစ်အစိုးရအပေါ် သဘောထားပျော့ပျောင်းပြန်လျှင်လည်း ဒီမိုကရေစီရေးကို အားနည်းစေသည်ဆိုပြီး ပါတီတွင်း အတိုက်အခံများနှင့် ကြုံရမည်။

သေချာသည့်အချက်တော့ ထိုင်းနိုင်ငံရေးလောကထဲမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ မပါဝင်နိုင်အောင် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နိုင်မှသာ ဒီမိုကရေစီရေးကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်မည့် လမ်းပေါ် ရောက်ဖို့ ရှိသည်ဆိုသည့် အချက်ဖြစ်သည်။

No comments: