Monday, April 20, 2009
ရွှေဖီချိန်မို့ ချစ်၍ခေါ်ရာ မလိုက်နိုင်
လက်ဖက်ထဲမှာ ဆိုးဆေးတွေပါလို့ လက်ဖက်အမျိုးပေါင်း ၅ဝ အပိတ်ခံရတယ် ဆိုတဲ့အကြောင်း ရေဒီယိုကနေတဆင့် ကျမကြားရတော့ အံ့သြထိတ်လန့်သွားရတယ်။ တိုက်တိုက်ဆိုင်ဆိုင် လက်ဖက်တောင်သူတွေ အားထားရတဲ့ ရွှေဖီချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။
ရွက်ဟောင်းကြွေလို့ ရွက်သစ်ထွက်လာတဲ့ နွေဦးမှာ လက်ဖက်ခူးကြပြီ။ ခူးပြီးသား လက်ဖက်ကို ပေါင်းပြီး မိုးလေးကင်းလွတ်တဲ့ နွေရဲ့ သဘာဝကို မိမိရရ အသုံးချ နေလှန်းနိုင်တာမို့ လက်ဖက်ခြောက်က သင်းသင်းပျံ့ပျံ့နဲ့ ကြာရှည်အထားခံပါတယ်။ ဒါကြောင့် ရွှေဖီချိန်ဟာ လက်ဖက်တောင်သူတွေ မျှော်လင့်အားထားရတဲ့ အချိန်ပါပဲ။
လက်ဖက်ဆိုတာ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့ရဲ့ အသက်ပါ။ ကန်တော့ပွဲ၊ နတ်ပွဲ၊ အလှူမင်္ဂလာဆောင် အခမ်းအနားမှာ လက်ဖက်မပါရင် မပြီးသေးပါဘူး။ ကျေးလက်တွေမှာ တရားတဘောင်ဖြစ်လို့ တဖက်နဲ့တဖက် အမှုကျေအေးချင်ရင် လက်ဖက်ပွဲပေးပြီး ကျေအေးစေပါတယ်။ တရားလိုဘက်က တရားခံပေးတဲ့ လက်ဖက်ကို ဖွင့်စားလိုက်ရင် အမှုကျေအေးတယ်လို့ အဆိုရှိပါတယ်။ လက်ဖက်က သံခင်းတမန်ခင်းလိုလည်း ကြားခံဆောင်ရွက် ပေးတာပါ။
ဘယ်လောက်ဆင်းရဲတဲ့ တောသူတောင်သား၊ ထန်းသမား ယာသမားဖြစ်ပါစေ၊ လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းတော့ မဖြစ်မနေ သောက်ကြတယ်။ မြေရေနွေးကရားထဲ ရေထည့်၊ ထင်းမီးနဲ့ ကျိုက်ကျိုက်ဆူအောင် တည်ပြီး လက်ဖက်ခြောက် ခတ်သောက်ရရင် သူတို့ ဘဝ ပြည့်စုံပြီလို့တောင် ဆိုကြတယ်။
လက်ဖက်ခြောက်၊ လက်ဖက်စိုကို မြန်မာပြည်အနှံ့အပြား တံဆိပ်မျိုးစုံနဲ့ ရောက်ကြပေမယ့် လက်ဖက်ပင်ကိုတော့ မြင်ဖူးသူ နည်းကြတယ်။ ကျမ လက်ဖက်ပင်ကို မြင်ဖူးပြီး လက်ဖက်ကို ကိုယ်တိုင်ခူးခဲ့တာ ၁၉၈၄ ခုနှစ်ကပါ။
နမ့်ဆန် မာန်နောက်ရွာ ပလောင်ဘုန်းကြီး ဦးဉာဏ်တာက ရန်ကုန်အထိ ဆင်းလာပြီး ပလောင်ကလေးငယ်တွေကို မြန်မာစကား တတ်အောင် ခင်ရာမင်ရာ ဘုန်းကြီးကျောင်းတွေမှာ ယောက်ျားလေးဆို ကိုရင် အဖြစ်၊ မိန်းကလေးဆို သီလရှင်အဝတ်နဲ့ ထားတတ်ပါတယ်။ နွေဆိုရင် မိဘနဲ့ ပြန်နေရအောင် သူကိုယ်တိုင် လာခေါ်တယ်။ ကျမ ဖခင်က ပလောင်ကလေးငယ်တွေ ပရဟိတကျောင်း၊ အတန်းကျောင်းတွေမှာ စာသင်နိုင်ဖို့ ကူညီပံ့ပိုးပေးပါတယ်။ ဒါကြောင့် ကျမ ဖခင်ကို ကျေးဇူးတင်လို့ ဧည့်ဝတ်ပြုချင်ပါတယ်ဆိုတော့ ဖေဖေက ကျမကို ဒေသန္တရဗဟုသုတ ရအောင် ပလောင်ကလေးငယ်တွေနဲ့အတူ ထည့်လိုက်ပါတယ်။
မှတ်မှတ်ရရ မန္တလေးမြို့မှာ သင်္ကြန်မိုး ဇာတ်ကားရိုက်ကူးချိန် မန္တလေးမီး အကြီးအကျယ်လောင်ချိန်ပေါ့။ ကျမတို့ မန္တလေးကနေ ကျောက်မဲ ရောက်တဲ့အချိန်မှာ နမ့်ဆန်ကိုသွားဖို့ ကားစောင့်ရတာ ၂ ရက် ကြာပါတယ်။ နွေဆိုပေမဲ့ ကျောက်မဲမှာ အလွန်အေးပြီးတော့ မီးဖိုနဲ့ နေရတယ်။ အနွေးထည်ဆိုတာ နှစ်ထပ် သုံးထပ် ဝတ်ထားရတယ်။
၂ ရက် ကြာနေပြီ။ ကားရပြီဆိုတော့ နေ့လယ်ပိုင်း ကျောက်မဲကနေ ကားထွက်တယ်။ လူစီးကား သီးသန့်မရှိဘူး။ ကုန်ကားကိုသာ အားထားရတာ။ ကုန်အပြည့်တင်ထားတဲ့ ကားခေါင်မိုးပေါ်မှာ လူက ငုတ်တုတ် ထိုင်လိုက်ရတာပါ။ တောတောင်တွေက ထူထဲနက်နဲတယ်ဆိုတာ မှတ်မိနေသေးတယ်။ လမ်းကတော့ တောလမ်း။ ကတ္တရာလမ်းကတော့ နည်းတယ်။ ချောင်းတွေက ရေစီးသန်ပြီး မြေတွေက နီရဲနေတယ်။ စကားဝါပန်းတွေက ပင်လုံးကျွတ် ဝေနေအောင် ပွင့်တာမို့ လမ်းတလျှောက် မွှေးမြနေတာပေါ့။ မျောက်လွှဲကျော်တွေကလည်း ကားသံကြားတော့ ကြောက်ပြီး လက်ခုပ်တီးကြ၊ တပင်နဲ့တပင် ကူးကြတယ်။ မြေနီနီမှာ ရွှေကျင်နေတဲ့လူတွေလည်း ရှိတယ်။ ကားပေါ်မှာတော့ အထက်အညာဒေသက လက်ဖက်ခူး လုပ်သား ယောက်ျား-မိန်းမ အရွယ်စုံလည်း လိုက်လာကြတယ်။
ကျမတို့ နမ့်ဆန်ကနေ မာန်နောက်ရွာအထိ ခြေကျင်ထပ်လျှောက်ရတယ်။ ကားစီးခဲ့ရတယ်။ တညနဲ့ တမနက်မို့ ညောင်းညာနေပါပြီ။ တောင်တက် တောင်ဆင်း လျှောက်ခဲ့ရတာ နေ့ဝက်ခရီးပေမယ့် မမောခဲ့ပါဘူး။
တောင်ကုန်းတွေမှာ စီစီရီရီ စိုက်ထားတဲ့ လက်ဖက်ပင်တွေက လူ့တရပ်စာ လူ့ခါးစောင်းလောက်ရှိတယ်။ လက်ဖက်ရဲ့ အရွက်က အနီးစပ်ဆုံး ပြောရရင် ပုဏ္ဏားရိပ်အရွက်နဲ့ တူပါတယ်။
လက်ဖက်ကို ရေမဝပ်တဲ့ တောင်စောင်းတွေမှာ စိုက်ထားပါတယ်။ လက်ဖက်ပင်စိုက်ပြီး ၃ နှစ်သားဆို လက်ဖက်ရွက် စခူးလို့ ရပါပြီ။ လက်ဖက်ပင်ကို ထပ်မံ ပြုပြင်ရတာ နည်းတဲ့အတွက် ကုန်ကျစရိတ် မရှိပါဘူး။ စပါးစိုက်တဲ့ တောင်သူတွေလို နှစ်စဉ် လယ်ထွန် ပျိုးကြဲ ပျိုးနုတ် ကောက်စိုက် ကောက်ရိတ် စပါးလှေ့ စပါးချွေ စပါးကြိတ် လုပ်စရာ မလိုတဲ့အတွက် လက်ဖက်က အဆင်ပြေတယ်လို့ ကျမ ငယ်ငယ်က လူကြီးတွေ စကားဝိုင်းမှာ ကြားကြားနေရတယ်။ တကယ်လည်း ဟုတ်ပါတယ်။
လက်ဖက်အညွှန့်က ခူးလေထွက်လေပါ။ မန်ကျည်းရွက် ခူးသလိုပေါ့။ အရွက်ကြမ်းတွေ သပ်ချထားရင် အရွက်သစ်တွေ ထပ်ထွက်တယ်။ နွေဦးမှာ ထွက်တဲ့ လက်ဖက်ညွှန့်က ပိုကောင်းတယ်လို့ လက်ဖက်တောင်သူတွေက ဆိုကြပါတယ်။
လက်ဖက်စိုက်ထားတဲ့ နေရာက မိုးရေမဝပ်တဲ့ တောင်စောင်းနေရာတွေ။ ဒါ့ကြောင့် လက်ဖက်ခူးရင် ဒေသခံတွေက ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခူးနိုင်ပေမယ့် ကျမတို့လို ဧည့်သည်လက်ဖက်ခူးတွေကတော့ တပင်နဲ့တပင် အကူးမှာ တောင်စောင်းတွေကနေ မကြာခဏ လျှောကျလို့ လက်ဖက်ခူးလွယ်အိတ် က သပ်သပ်။ လူက သပ်သပ် ဖြစ်သွားတယ်။ စဖြစ်ခါစ ကြောက်ပေမယ့် နောက်တော့လည်း ရိုးသွားတယ်။ လွယ်အိတ်ထဲက လက်ဖက်ညွှန့်တွေ ပြန့်ကျဲကုန်ရင် ရနိုင်သမျှ ကောက်ထည့်ပြီး လက်ဖက်ပင်ကို ခြေဖဝါးကန့်လန့်ထားပြီး လက်ဖက်ခူးကြတယ်။ ခူးတတ်တဲ့ လူကတော့ အညွှန့်တင်မဟုတ်ဘဲ စိမ်းနုနေတဲ့ လက်ဖက်ရွက်ပါ သပ်ခူးသွားတာများ သိပ်မြန်တာပဲ။
မနက်စောစော မုန်ညင်းဆောနဲ့ ထမင်းစားခဲ့တဲ့ ကျမတို့ ခေါင်းပေါ် နေ့တည့်တည့်ကျတဲ့ အချိန်မှာ နေ့လယ်စာ ထမင်းစားကြတယ်။ ထမင်းစားတဲ့ အချိန်မှာ စမ်းချောင်းရှိတဲ့ နေရာ၊ အရိပ်ရှိတဲ့ နေရာမှာ စားကြတာပေါ့။ ရွက်ကျင်ရွက်ဟောင်း ကျကြွေပြောင်းတဲ့ တပေါင်းနွေဦးက လက်ဖက်တွေကို အညွန့်ဝေပြီး ညရွက်တွေလို စိမ်းစေတာ မဟုတ်ဘူး။ တတောလုံး မြကျောက်တွေလို စိမ်းနေတာ။
ဒီလို တောတောင်ရှုခင်းကြောင့်သာ ထမင်းစား ဝင်ခဲ့ရတယ်။ ဈေးမရှိတဲ့ တောင်ပေါ်ရွာမှာ မုန်ညင်းကို အာလူးရောပြုတ်တဲ့ မုန်ညင်းဆော ဆိုတာနဲ့ မပြန်မချင်း စားခဲ့ရတာ။ တခါတရံ လက်ဖက်ခူးကအပြန် ဋကောက်အညွန့်၊ ဂျူးမြစ်ရွက်တွေ ခူးလာပြီး ခေါပုတ်ကို မီးကင်ထောင်းပြီး သုပ်စားရရင် ဟင်းအပြောင်းအလွဲမို့ မြိန်မှမြိန်။
ညနေ လက်ဖက်ခူးပြန်လာရင် လက်ဖက်ရွက်တွေထည့်တဲ့ ပလောင် လွယ်အိတ်ကြီးတွေကို နဖူးနဲ့ သိုင်းလွယ်ပြီး ပြန်လာကြတယ်။ နေမင်းကလည်း လက်ဖက်ပင်တွေကြား နိမ့်နိမ့်ဝင်သွားပြီ။
လက်ဖက်ရွက်ကို ကိုယ့်ခွန်အားရှိသမျှ ခူးနိုင်သလောက်သာ ခူးခဲ့။ လက်ဖက်ရွက်က ကြမ်းသွားရင် အသုံးမဝင်တော့ဘူး။ ဒါ့ကြောင့် ပိုင်ရှင်က လက်သွက်တဲ့ ခူးသားကို ပိုသဘောကျတာပေါ့။ တချို့ဆို လက်ဖက်ရွက် အချိန် ၁ဝ ၊ ၁၅ ခူးနိုင်ကြတယ်။ ကျမကတော့ ဘယ်လိုပဲ ကြိုးစားခူးခူး ၅ ပိသာပဲ ရတယ်။ ခူးလို့ရလာတဲ့ လက်ဖက်အရွက် အချိန် ၁ဝ ဆို ပိုင်ရှင်နဲ့ လက်ဖက်ခူးသား တယောက် ၅ ပိဿာ ခွဲယူရတယ်။ ဒါ့ကြောင့်လည်း လုပ်သားတွေက များများ ရအောင် ပိုခူးကြတာပေါ့။ ကျမကတော့ ပိုင်ရှင်တွေရဲ့ ဧည့်သည်မို့ ဘယ်လောက်ခူးခူး ကိုယ့်ဘာသာယူလို့ ပြောပါတယ်။
လက်ဖက်ခူးပြီး ပြန်လာတဲ့ ညနေစောင်းအချိန်ဆို ချိန်တွယ်သူနဲ့၊ လက်ဖက်ပေါင်းသူတွေနဲ့ အလုပ်ရှုပ်နေတတ်တယ်။ ခူးသားက ပိုင်ရှင်ကိုဝိုင်းပြီး လုပ်အားပေးတယ်။ လက်ဖက်ခြောက်ဖြစ်ဖို့ လက်ဖက်ရွက်ကို အရင် ရေနွေးငွေ့နဲ့ပေါင်း၊ ခပ်ထပ်ထပ်ဖြစ်တဲ့အချိန် ဖျာကြမ်းပေါ် ဖြန့်ချလိုက်တယ်။ ပေါင်းပြီးသား လက်ဖက်ရွက်ကို လက်နှစ်ဖက်နဲ့ နှဲပါတယ်။ အရမ်းလည်း မကျေအောင် နှဲထားတဲ့ လက်ဖက်ရွက်ကို လက်ဖဝါးနဲ့ ခါခါချပြီး နေလှန်းရတယ်။ ရေနွေးငွေ့နဲ့ တွေ့သွားတဲ့ လက်ဖက်စိမ်းရွက်က ဝါသွားပါတော့တယ်။ ဝါဖန့်ဖန့်လက်ဖက်ရွက်ကို ထပ်ပြီး နေလှန်းလို့ ၃ ရက်ကြာရင် နေပူရှိန်နဲ့ မည်းနက်လာပါတယ်။
မိုးလေကင်းစင်တဲ့ နွေမှာထွက်တဲ့ လက်ဖက်ခြောက်ကို ရွှေဖီလို့ တင်စားခေါ်ကြပါတယ်။ နေပြင်းပြင်းနဲ့ ၃ ရက်လောက် လှန်းထားတဲ့ လက်ဖက်ရွက်တွေကို စကာနဲ့တိုက်ချလိုက်ရင် အပေါ်ယံမှာ ကျန်ခဲ့တဲ့ လက်ဖက်ညွှန့်လေးတွေကို စော်ဘွားနှုတ်ခမ်းမွှေးလို့ ခေါ်ကြတယ်။ လက်ဖက်အညွှန့်က ဈေးတမျိုး၊ ကျန်တဲ့ လက်ဖက်ခြောက်တွေကို အဆင့်ဆင့်ခွဲပြီး ဈေးနှိမ့်ရောင်းကြတယ်။
လက်ဖက်အစို လုပ်မယ်ဆိုရင်တော့ ပေါင်းတဲ့အချိန်ထဲက လက်ဖက်ခြောက် လုပ်မှာထက် ပိုပြီး ပေါင်းကြတယ်။ ပိုပြီးတော့လည်း နှဲကြတယ်။ ပြီးတော့ မြေကျင်းတူး၊ ယိုင်ပတ်ထားတဲ့ အထဲကိုထည့်ပြီး လှောင်ထားကြတယ်။ လက်ဖက်အချိုခြောက်ကိုတော့ လှော်ပြီး ကြိတ်စက်နဲ့ဖြစ်စေ၊ မောင်းနဲ့ဖြစ်စေ အမှုန့်ဖြစ်အောင် ကြိတ်ကြတယ်။ ဒီလိုလုပ်တာ ရေအားနဲ့ ဒလပ်ပေါင်းပြီး ကြိတ်တာပါ။
ပလောင်လူမျိုး မာန်နောက်ရွာကလေးရဲ့ ထုံးစံအကြောင်းလည်း ပြောချင်ပါသေးတယ်။ လက်ဖက်ခူးရင် နွားတွေကို ကိုက်တဲ့ မှည့်တွေက လက်ဖက် ခူးသူတွေကို ကိုက်တတ်တယ်။ များသောအားဖြင့် အလှုပ်အရှားနည်းတဲ့ ခြေထောက်တွေကို ကိုက်တာများတယ်။ ဒါ့ကြောင့် ခြေသလုံးမှာ လုံချည်စုတ်တွေကို ပတ်ပြီး ကြိုးနဲ့ ချည်ထားကြပါတယ်။ ပွဲတော်ဖြစ်လို့ ပွဲလမ်းသဘင်သွားရင် လုံချည်စုတ်အစား ကတ္တီပါပတ် ငွေကွင်းနဲ့ ချည်ပါတယ်။
ပလောင်လူမျိုးမှာ ငွေပလောင်နဲ့ ရွှေပလောင်ဆိုပြီး ၂ မျိုးရှိပါတယ်။ ပလောင်လူမျိုးတွေမှာလည်း အချစ်ရေးကို ဓလေ့ထုံးစံအတိုင်း မငြင်းပယ်ဘဲ လက်ဆင့်ကမ်း သယ်လာကြတယ်။ ရာသီဥတုအေးတဲ့ အရပ်များမို့ ဧည့်ခန်းမှာ မီးဖို အမြဲရှိပါတယ်။ အဲဒီမီးမိုမှာပဲ ဧည့်သည်ကို ဧည့်ခံရင်း ရေနွေးကျို၊ လက်ဖက်ခြောက် လှော်ပြီး ရေနွေးနဲ့ ဧည့်ခံတတ်တယ်။ လူပျိုကာလသားက ညအချိန် အပျိုရှိရာအိမ်ကို လူပျိုလာလှည့်ရင် မိဘက နားလည်ပေးကြတယ်။ ရွှေပလောင်ရဲ့ဓလေ့က မိန်းမပျို ၃ ဦး အိမ်ကို လူပျိုလှည့်လာတယ်ဆိုပါတော့။ ဧည့်ခံမီးဖိုမှာ လူပျိုက ဝင်ထိုင်လိုက်တယ်။ တည်ထားတဲ့ ရေနွေးအိုးကို မီးဖိုဘေးက ထင်းကြီးကြီးနဲ့ မီးထိုးလိုက်ရင် သမီးအကြီးလို့ သင်္ကေတ ပြလိုက်တာပါ။ အငယ်ဆုံးဆို ထင်းအသေးဆုံးပေါ့။ ဒီလိုဆို မိဘ နှစ်ပါးက မီးဖိုဘေးက ထပြီး လူငယ်တွေကို စကားပြောနိုင်အောင် ခွင့်ပြုပေးပါတယ်။
ငွေပလောင်ကတော့ အပျိုအိပ်တဲ့ နေရာကို သွားပြီး အပေါက်နှိုက်ရတာပါ။ အပျိုအိပ်တဲ့ နေရာဘေးကနေ လူပျိုက လာနှိုးပြီး စကားပြောပါတယ်။ လူပျိုဖောက်ထားတဲ့ အပေါက်မှာ အပျိုမိန်းကလေးက မျက်နှာလှည့်ပြီး စကားဧည့်ခံ ပြောရပါတယ်။ ဒီလို စကားသံကြားလို့ မိန်းကလေးမိဘက စိတ်ဆိုးတယ်၊ မျက်နှာပူတယ်ဆိုပြီး ဆူပူကြိမ်းမောင်းတာ မရှိပါဘူး။ မိန်းကလေးကလည်း မငြင်းရပါဘူး။ ငြင်းရင် ရိုင်းပျတယ်လို့ မှတ်ယူပါတယ်။ ဒီတော့ လူပျိုပြောသမျှ လူပျိုမပြန်မချင်း မအိပ်ဘဲ နားထောင်ရပါတယ်။ တခါတရံ ညဥ့်လယ်သန်းခေါင်ယံအထိ ပြောတတ်ကြပါတယ်။ တခါတရံ တယောက်ထဲ၊ တခါတရံ အလှည့်ကျလို့ ပြောပါတယ်။ ဒါကြောင့် အလုပ်များတဲ့ ရွှေဖီချိန်မှာတော့ ရွှေပလောင် ငွေပလောင်တွေရဲ့ အချစ်ရေးကို ခဏနားထားရပါသတဲ့။
ပလောင်တွေရဲ့ ဓလေ့ထုံးစံတွေထဲက မှတ်မှတ်ရရ ကျမ သတိရနေတာလေးလည်း ပြောချင်ပါသေးတယ်။ ပလောင်လူမျိုးတွေ အသက် ၆ဝ ကျော်ရင် အခေါင်းလုပ်ထားတဲ့ ဓလေ့ပါ။ သူတို့သေရင် မီးရှို့ဖို့ ရေနံဆီ၊ ဓါတ်ဆီပုလင်း၊ ရွှေရောင်ငွေရောင်စက္ကူတွေ အဆင်သင့် လုပ်ပြီး ခေါင်းထဲထည့်ထားပါတယ်။ အဲဒီခေါင်းကို အိမ်ရဲ့ ဧည့်ခန်းမှာ ထားပါတယ်။ အသက် ၆ဝ ကျော်တဲ့ လူ ၂ ယောက်၊ ၃ ယောက်ရှိတဲ့ အိမ်တွေမှာ ခေါင်း ၂ လုံး ၃ သုံးက တန်းစီလို့။ သူတို့က အဲဒီခေါင်းထဲမှာ စားစရာ အမွန်အမြတ်တွေထည့်ပြီး ဧည့်သည်လာရင် ခေါင်းဖွင့်ပြီး စားစရာထုတ် ဧည့်ခံတတ်တယ်။ ကျမက ငယ်သေးတဲ့ အရွယ်မို့ ကြောက်ပြီး ဘယ်တော့မှ မစားဘူး။ တရားမရှိတာလည်း ပါတာပေါ့။ သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ပြီး သေမင်းကို စိမ်ခေါ်နေတဲ့ ပလောင်လူမျိုးတွေရဲ့ ဓမ္မကို အမှတ်ရတိုင်း ပြောပြစ်ခဲ့ပါတယ်။
ရိုးသားဖြူစင်ခြင်းတွေနဲ့ ဘာသာတရားကို ကိုင်းရှိုင်းတဲ့ လက်ဖက်တောင်သူတွေ အားထားရဆုံးအချိန် အခုလို ရွှေဖီချိန်မှာ လက်ဖက်တွေမှာ ဆိုးဆေးပါလို့ အပိတ်ခံရသတဲ့။ လက်ဖက်တောင်သူတွေ၊ လက်ဖက်ကုန်သည်တွေ အတော် တုန်လှုပ်ကုန်ကြတော့မယ်။ လက်ဖက်ကို စားသုံးသူ အန္တရာယ်ဖြစ်အောင် ရိုးသားတဲ့ တောင်သူတွေကတော့ ဆိုးဆေးသုံးမယ်လို့ ကျမ မထင်ဘူး။ လက်ဖက်မှာ အကောင်းစား၊ အလတ်စား၊ အညံ့စားဆိုတာ လက်ဖက်ရွက် မှီပြီး ထွက်လာတာမို့ သူ့ဈေးနဲ့သူ ရှိပြီးသားပါ။ တကယ့်လက်ဖက်ကို ဆိုးဆေးတင်စရာ မလိုဘူး။ သဘာဝအရောင်က လက်ဖက်မှာ ရှိပြီးသားပါ။
ဆိုးဆေးသုံးတဲ့ လက်ဖက်အမျိုးပေါင်း ၅ဝ ရှိပြီး ယုဇနအမှတ်တံဆိပ်ပါတဲ့ လက်ဖက်တခုထဲ ခွင့်ပြုထားတာကလည်း စဉ်းစားစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ မြန်မာပြည်သူ အားလုံးကတော့ နေ့စဉ် လက်ဖက်ခြောက်၊ လက်ဖက်သုတ် ဆိုတာနဲ့ မကင်းနိုင်သူများ ဖြစ်ပါတယ်။ ရေနွေးကြမ်း လက်ဖက်သုတ်နဲ့ ဧည့်သည်ကို ဧည့်ဝတ်ပြုတတ်ကြတဲ့ မြန်မာ့ယဉ်ကျေးမှုမှာ ဆေးဆိုးဆိုတာကြောင့် ဂယက်ရိုက်ကုန်ကြပါပြီ။
တကယ်တမ်း တခြား အစားအစာမှာရော ဆိုးဆေး မရှိပါဘူးလား။ ကျမတို့ဆီမှာ အခြေခံလူတန်းစားတွေ နေ့စဉ် စားသုံးနေရတဲ့ စားအုန်းဆီ အန္တရာယ်၊ ငြုပ်သီးမှုန့်နှဲ့အတူ တခြား စားသောက်ကုန်တွေမှာလည်း ဆိုးဆေးအန္တရာယ်တွေကို ဘာ့ကြောင့် မဖော်ထုတ်သေးတာလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
“ဆင်ကတော့ သေးပေါက်တာ၊ ပုရွက်ဆိပ်က ရေမျောတာ” ဆိုတဲ့ စကားပုံလို လက်ဖက်တောင်သူတွေ ဖြစ်နေပါပြီ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment