Tuesday, June 23, 2009

လုံခြုံရေးစရိတ်စက စီးပွားရေးသမားများ ကျခံပေးနေရ

ကြည်ဝေ Tuesday, 23 June 2009

စစ်အစိုးရ ၏ ရန်ကုန်မြို့ တွင်း လုံခြုံရေး လုပ်ငန်း များအတွက် နေ့စဉ် ကုန်ကျ စရိတ် များကို ပြည်တွင်း စီးပွားရေး လုပ်ငန်း ရှင်များက ပေးဆောင် နေရကြောင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်း အဝန်းမှ သိရသည်။

ရန်ကုန်မြို့တွင်း လှည့်လည်နေသော ရဲကားများ၊ ရဲများ၏ ကုန်ကျစရိတ်များ အပါအ၀င် ကင်းပုန်းချထားသော နေရာများမှရဲနှင့် စစ်သားများ၏ စားစရိတ်၊ အထွေထွေ စရိတ်များ၊ စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် သတင်းပေးများ၏ နေ့တွက်စရိတ် စသည့် ကုန်ကျစရိတ်များကို နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ အပါအ၀င် လုပ်ငန်းရှင် ၂၀ ခန့်က ပေးဆောင် နေရသည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးက ပြောသည်။

“ကျနော် သိရသလောက်ကတော့ နာမည်ကြီးစီးပွားရေး သမားတွေရော၊ နောက်ကွယ်ကနေ လုပ်ပေးနေရတဲ့ သူတွေပါ ပါတယ်။ လုပ်ငန်းရှင် ၂၀ လောက်က ပေးနေရတယ်” ဟု သူက ဆိုသည်။ တချို့လုပ်ငန်းရှင်များမှာ နာမည်ထွက်မခံဘဲ တိတ်တဆိတ်ပေးဆောင်နေရကြောင်း သိရသည်။ စစ်အစိုးရ လုံခြုံရေးစရိတ်အတွက် ပုံမှန် ပေးဆောင်နေရသည့် စီးပွားရေးသမားများ၏ နာမည် အတိအကျကိုမူ မသိရှိရပေ။

လက်ရှိ စစ်အစိုးရ၏ ရန်ကုန်မြို့တွင်း နေ့စဉ်လုံခြုံရေးအတွက် ပုံမှန်အသုံးကုန်ကျစရိတ်မှာ တရက်လျှင် ကျပ် သိန်း ၂၀ နှင့်အထက် ရှိပြီး နိုင်ငံရေးနှင့် သက်ဆိုင်သော နှစ်ပတ်လည်နေ့ရက်များတွင် ထို့ထက် ၂ ဆနီးပါးခန့် ကုန်ကျလေ့ရှိကြောင်း သိရသည်။

“ပုံမှန်ကတော့ ဒိုင်နာကား ၁၀ စီးပဲ စီစဉ်ပေးရတယ်၊ တစီးကို ၃ သောင်းနှုန်းနဲ့ပေါ့။ အထူးနေ့တွေဆိုရင် ကား အစီး ၂၀ အပြင် နောက် ၁၀ စီးပါ အဆင်သင့် ထားပေးရတယ်” ဟု မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီ (မထသ) မှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

မထသ ယာဉ်လိုင်းများက ကားတစီးလျှင် တနေ့အတွက် ကျပ် ၃ သောင်း အပြီးအစီး ပေးပြီး စီစဉ်ပေးရခြင်း ဖြစ်ကြောင်း၊ ထိုနေ့အတွက် စရိတ်တွင် ဆီဖိုး၊ ယာဉ်ပြင်ဆင်ခများ ပါဝင်ပြီး ဖြစ်ကြောင်း သူက ပြောပြသည်။

ရွှေပြည်သာမြို့နယ်အတွင်းမှ စွမ်းအားရှင်အမည်ခံ နေ့စားသမား ၁၀ ဦးခန့်ကို ပုံမှန်စုဆောင်းပေးရ လေ့ရှိသူ တဦးကလည်း ထိုသို့ စုဆောင်းပေးသည့်အတွက် တနေ့ ကျပ် ၃ ထောင် ပုံမှန်ရလေ့ရှိသည်ဟု ဆိုသည်။

“နေ့စားသမားတွေကတော့ တနေ့ကို ပုံမှန် ၂ ထောင်၊ နေ့လယ်စာအတွက် စီစဉ်ပေးတယ်၊ ထမင်းထုပ် မပေး နိုင်ရင် ထမင်းဖိုး ၁ ထောင်ပေးတယ်၊ အသွားအပြန်ကိုလည်း ကားနဲ့ အကြို၊ အပို့ လုပ်ပေးတယ်။ ဒါ့အပြင် ပြဿနာဖြစ်တဲ့ နေ့ဆိုရင် သီးသန့်ကြေးရှိသေးတယ်” ဟု သူက ဆက်ပြောသည်။

သတင်းပေးများအတွက်လည်း တနေ့ ကျပ် ၅ ထောင်၊ ၃ ထောင်၊ ၂ ထောင် ၊ ၁ ထောင် စသဖြင့် အဆင့်ဆင့် ပေးရကြောင်း၊ အများအားဖြင့် သတင်းပေးသူများမှာ ယခင်စစ်ထောက်လှမ်းရေး လက်ထက်ကတည်းက လုပ်ငန်း အတွေ့အကြုံရပြီးသူများနှင့် ထောက်လှမ်းရေး ဟောင်းများက ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ ရပ်ကွက် တခုတွင် ရဲ သတင်းပေး ၂ ဦးမှ ၃ ဦးအထိ ရှိတတ်ကြောင်း ရဲဝန်းထမ်းများထံမှ သိရှိရသည်။

လုံထိန်းကားများ ရန်ကုန်မြို့တွင်း လှည့်လည်သွားလာ နေရခြင်းမှာ ဆန္ဒပြမှုများအား တားဆီးရန်ဖြစ်သည်။ စွမ်းအားရှင်နှင့် ကြံ့ဖွံ့အသင်းဝင်များက နိုင်ငံရေးလှုပ်ရှားမှုများကို စောင့်ကြည့် သတင်းယူကြပြီး ဆန္ဒပြမှုများ ဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဝင်ရောက်ရိုက်နှက် ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။

ထို့ပြင် မေလ ဒုတိယပတ်မှစပြီး ရန်ကုန် တက္ကသိုလ်များ ဓမ္မာရုံဝန်းအတွင်း၊ လှိုင်တက္ကသိုလ်၊ ကမ္ဘာအေးဘုရား၊ အာလိန်ငါးဆင့်ဘုရား ၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေတိဂုံဘုရားအနီးပတ်ဝန်းကျင်နှင့် အင်းစိန်မြို့နယ် ညောင်ပင်သာ ကျောင်းတိုက်ဝန်းကျင် စသည့် နေရာများတွင် အထူး ကင်းစခန်းများ ဖွင့်လှစ်ထားသည်ကို တွေ့မြင်ရပြီး စစ်သားနှင့် ရဲများကို ၂၄ နာရီ အထူး တာဝန် ချထားကြောင်း တွေ့ရှိရသည်။

No comments: